Connect with us

Hi, what are you looking for?

သတင်း

ကောလင်းနဲ့ မော်လူးရောက် မြေပြင်စစ်ကြောင်းတွေ ရှေ့တိုးနိုင်အောင် ကျေးရွာတွေကို စစ်တပ်ဗုံးကြဲ

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းနဲ့ မော်လူးရောက်နေတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ ရှေ့တိုးနိုင်အောင် ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ သိရပါတယ်။

(နိုဝင်ဘာ ၁၂ရက် ညပိုင်းမှာ စစ်တပ်စစ်ကြောင်းဝင်လာလို့ တိမ်းရှောင်နေရတဲ့ ပြည်သူများ။ ဓာတ်ပုံ - Kawlin Info)

နိုဝင်ဘာ-၁၃၊ ၂၀၂၆။ အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းနဲ့ မော်လူးရောက်နေတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ ရှေ့တိုးနိုင်အောင် ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ သိရပါတယ်။

မော်လူးမြို့ကို မနေ့က နိုဝင်ဘာ ၁၂ရက်မှာ မနက်ကနေ ညနေအထိ ဗုံးကြဲခဲ့ပြီး ဒီနေ့ နိုဝင်ဘာလ ၁၃ရက် မနက်ပိုင်းမှာ‌တော့ ကောလင်းမြို့တောင်ပိုင်းက ရွာတွေကို ဗုံးကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“Y12နဲ့ တစ်နာရီလောက်ကြာအောင် ပတ်ကြဲနေတာ။ ဒေသခံတွေက စစ်ကြောင်းနဲ့လွတ်အောင် ပတ်ပြေးနေရတာ”လို့ ကောလင်းဒေသခံ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်ကြောင်းတွေက တစ်ကြောင်းကို အင်အား ၃၀၀ကျော်ရှိပြီး ကောလင်းနဲ့ မော်လူးနယ်ထဲမှာ လေးကြောင်းရှိနေတယ်လို့ သိရပါတယ်။

ကောလင်းမြို့နယ်ထဲက ပေါက်တော၊ ဝါးသီးကုန်း၊ ခံသာရွာတွေမှာရောက်နေတဲ့ စစ်ကြောင်းတွေက ဒီနေ့ မနက်ပိုင်းမှာ ကုက္ကိုကုန်းရွာမှာပေါင်းပြီး ဘေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းတွေ ဖော်ပြပေးနေတဲ့ Kawlin info က ဖော်ပြထားပါတယ်။

စစ်တပ်ဟာ လေကြောင်းဗုံးကြဲနေသလို ဒရုန်းတွေနဲ့လည်း ဗုံးကြဲနေလို့ ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

စစ်တပ်စစ်ကြောင်းတွေက အင်းတော်-ထီးချိုင့်လမ်းကတဆင့် ကောလင်းမြို့နယ်ဘက်ကို နိုဝင်ဘာ ၃ရက်မှာ ဝင်ရောက်လာတာပါ။ နိုဝင်ဘာ ၅ရက်နဲ့ ၇ရက်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကြောင်းတွေက ရွာစဉ်လှည့်နေတယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတာနဲ့ မြေပြင်စစ်ကြောင်းတွေက သတ်ဖြတ်လို့ အရပ်သားသေဆုံးမှုတွေ ရှိနေပါတယ်။ ဒေသတွင်းက ကသာ-ထီးချိုင့် အမှတ် (၃) ကားလမ်း၊ ကသာ-မော်လူးကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ချေမှုန်းမှာဖြစ်လို့ နိုဝင်ဘာ ၅ရက်ကစပြီး ခရီးသွားပြည်သူတွေဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ကသာခရိုင် အမှတ်(၁)တပ်ရင်းက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ