နိုဝင်ဘာ ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ နိုဝင်ဘာ ၈ရက်မှာ ကျရောက်တဲ့ (၇၅)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် သတင်းစကား ပြောကြားပေးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးအကြီးအကဲ မက်သီးယက်စ် လစ်ဟာ့ဇ်ကို ကျေးဇူးတင်ရှိကြောင်း အရပ်ဘက်အဖွဲ့ ၁၉၃ ဖွဲ့က စာပေးပို့ခဲ့ပါတယ်။
နိုဝင်ဘာ ၁၃ရက်နေ့စွဲနဲ့ ပေးပို့တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာမှာ ဂျာမနီသံရုံးအကြီးအကဲရဲ့ သတင်းစကားပြောကြားမှုဟာ ဦးဝင်းမြင့်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် ဆက်လက်ရှိနေတယ် ဆိုတဲ့ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့တဲ့အပြင် သမ္မတ ဦးဝင်းမြင့်ဟာ အကျဉ်းချခံရခြင်းက လွတ်မြောက်နေသူ မဟုတ်ကြောင်း ရိုးသားပွင့်လင်းသော စာကြောင်း အနည်းငယ်နဲ့ စစ်အုပ်စုက ဖုံးကွယ်ဖို့ အပြင်းအထန် ကြိုးစားနေတဲ့ အမှန်တရားကို ဖော်ထုတ်လိုက်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“လူကြီးမင်း၏ စကားများကို မြန်မာပြည်သူများ ကြားသိခဲ့ကြပြီး ထိုစကားများသည် အရေးပါခဲ့ကြောင်း သိစေလိုပါသည်။ စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲကို ကျင်းပကာ ကမ္ဘာက သူတိုကို တရားဝင် အာဏာပိုင်အဖြစ် ဆက်ဆံရန် တောင်းဆိုနေသည့် အချိန်တွင် အယောင်ဆောင် မလုပ်တတ်သော သံတမန် တစ်ဦးသည် မိမိတို ပြည်သူများ၏ မိတ်ဆွေစစ် ဖြစ်ပါသည်” လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Public Service Announcement
ဂျာမနီသံရုံးအကြီးအကဲရဲ့ ရပ်တည်ချက်ဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်သော လက်ထဲတွင် အကျဉ်းကျ ခံနေရဆဲ နိုင်ငံရေး အကျဉ်းသား ၁၅,၀၀၀ ကျော်ရဲ့ မိသားစုများကို ခွန်အား ဖြစ်စေကြောင်း ဖော်ပြပါတယ်။ အဲဒီ အကျဉ်းသားတွေဟာ ရဲရင့်သော နှလုံးသားများဖြင့်မြန်မာပြည်သူများရဲ့ အခွင့်အရေးများကို ကာကွယ်နေကြပြီး အကျဉ်းထောင်ထဲတွင် ကြီးမားသော ခက်ခဲမှုများကို ရင်ဆိုင်နေရသူများ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဂျာမနီသံရုံးအကြီးအကဲရဲ့ ပြောကြားချက်ဟာ ဒီမိုကရေစီကို ယုံကြည်မှုကြောင့် အကျဉ်းချခံထားရသူ အားလုံးနဲ့ သမ္မတကြီး ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်မြောက်ရေးကို ဆက်လက် တောင်းဆိုနေသူများ အားလုံးကိုလည်း မျှော်လင့်ချက် ပေးကြောင်း ထုတ်ပြန်ပါတယ်။
သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးအတွက် အပြည့်အဝနဲ့ ခြွင်းချက်မရှိ လွတ်မြောက်ရေးကို ဖိအားပေး တောင်းဆိုခြင်း၊ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ ငြင်းဆန်ခြင်း၊ ပြည်သူတွေရဲ့ ကြီးမားတဲ့ စွန့်လွှတ်ပေးဆပ်မှုတွေနဲ့ ဆက်လက်ကာကွယ်နေတဲ့ ဒီမိုကရေစီဆန္ဒကို ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့ ပြုလုပ်ကာ မြန်မာပြည်သူတွေဘက်က ဆက်လက် ရပ်တည်ပေးဖို့ ဂျာမနီနဲ့ ဥရောပသမဂ္ဂတို့ထံ အရပ်ဘက်အဖွဲ့အစည်း ၁၉၀ ကျော်က တောင်းဆိုခဲ့ပါတယ်။
ဂျာမနီသံရုံးအကြီးအကဲရဲ့ မွေးနေ့ သတင်းစကားပြောကြားချက်မှာ ကုလသမဂ္ဂက ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုထားကြောင်း ထည့်သွင်း ပြောကြားခဲ့ပြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်တပ်က မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့သူအားလုံး ပြန်လွှတ်ပေးဖို့ ထပ်မံ တောင်းဆိုခဲ့ပါတယ်။အဲဒီလို သတင်းစကား ပြောကြားတာကိုလည်း ရန်ကုန်မြို့က သမ္မတ ဦးဝင်းမြင့်နေထိုင်ခဲ့တဲ့ နေအိမ်တိုက်ခန်းရှေ့မှာ သွားရောက် ပြောကြားခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က မတရားဖမ်းထားတဲ့ သမ္မတဦးဝင်းမြင့်ကို ဧပြီမှာ အကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့တာကြောင့် စစ်အုပ်စုရဲ့ ကြေညာချက်ကို ကြိုဆိုခဲ့ကြောင်း ဂျာမနီ သံရုံးအကြီးအကဲက ပြောပါတယ်။အဲဒီ ကြေညာချက်ထွက်ပေါ်လာပြီးနောက် သမ္မတဦးဝင်းမြင့်နဲ့ တွေ့ဆုံဖို့ ကြိုးပမ်းခဲ့ရာ စစ်တပ်က ခွင့်မပြုခဲ့ကြောင်း၊ ဒါကြောင့် ဦးဝင်းမြင့်ဟာ အမှန်တကယ်လွတ်လပ်မှုမရှိသေးဟု ကောက်ချက်ချနိုင်ကြောင်းလည်း ဂျာမနီသံရုံးအကြီးအကဲက ပြောပါတယ်
အဲဒီလို ဂျာမနီသံရုံးအကြီးအကဲရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး စစ်အုပ်စုက သံရုံးအကြီးအကဲကို ခေါ်ယူတွေ့ဆုံ ကန့်ကွက်သတိပေးခဲ့ပြီး နောင်ပြောဆိုရင် အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။





















































