နိုဝင်ဘာ-၁၃၊၂၀၂၆။ခိုင်မြတ်/People’s Spring
မြောက်ဦးမြို့ပေါ်ရှိ ကြက်စျေးရပ်ကွက်၊မူလတန်းလွန်စာသင်ကျောင်းဗုံးကြဲခံရမှုမှာ ကျောင်းသားကျောင်းသူတွေအပါအဝင်သေဆုံးသူ ၅ဦးထက်မနည်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၆ ထက်မနည်း ရှိခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီခွဲကျော်အချိန်မှာ မြောက်ဦးမြို့ပေါ် နန်းတော်ရာကုန်း၊ သျှစ်သောင်းဘုရား တို့အနီးရှိ အဲဒီစာသင်ကျောင်းကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ပေါင်ငါးရာဗုံးတလုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်။
“အတိအကျတော့မသိရသေးဘူး။ငါးယောက်သေ၊ခြောက်ယောက်ဒဏ်ရာရတာလောက်ပဲ သိရတယ်။ကျောင်းထဲမှာနေတဲ့ကျောင်းသူ၊ ကျောင်းသားလေးတွေထိကြတာ။ထပ်ပြီးတော့လည်း စာရင်းတွေ တိုးနိုင်ပါသေးတယ်။ ဆေးရုံဆေးခန်းပို့၊ နာရေးလုပ်ဖို့ ယူသွားတာတွေနဲ့ စာရင်းမရသေးတာပါ”လို့ မြောက်ဦးမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement
သေဆုံးဒဏ်ရာရတဲ့ ကျောင်းသားကျောင်းသူတွေဟာ အခုကျောင်းမှာ နေပြီးတက္ကသိုလ်တက်ဖို့ပြင်ဆင်နေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ် ။ဒါ့အပြင်ဒဏ်ရာရသူတွေထဲမှာပညာရေး၀န်ထမ်းမိသားစုမှကလေးငယ်အချို့လည်းပါဝင်တယ်လို့လည်းသိရပါတယ် ။
စစ်တပ်ကဗုံးကြဲခဲ့တဲ့ ကြက်စျေးမူလတန်းလွန်စာသင်ကျောင်းဟာ မြောက်ဦးမြို့ကြက်စျေးရပ်ကွက်ဦးဥတ္တမပန်းခြံအနီးမှာတည်ရှိပြီးသမိုင်းဝင်ရှေးဟောင်းပုထိုးတော်သျှစ်သောင်းနဲ့ဆိုရင်ပေ(၈၀၀)ဝန်းကျင်၊နန်းတော်ရာကုန်းနဲ့ဆိုရင် ၂ ဖာလုံဝန်းကျင်သာကွာဝေးပါတယ်။
“အကုန်လုံး မြေကြီးတွေပါ ထိန့်သွားတာ။ ထိန့်တာပေါ့။သျှစ်သောင်းဘုရားတို့ဆိုတုန်ခါမှုနဲ့ ထိခိုက်မှာပဲ၊ ဆိုင်ကယ်နဲ့သွားနေတုန်း ကံကောင်းလို့သီသီလေးလွတ်သွားတာပါ။ မဟုတ်ရင်သေနေလောက်ပြီ”လို့ မြောက်ဦးမြို့ မှာနေထိုင်သူနောက်တဦးကပြောပါတယ်။
စစ်တပ်ဟာရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေများစွာရှိပြီးကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာဖို့ ကြိုးပမ်းနေတဲ့မြောက်ဦးမြို့ကို လေကြောင်းဗုံးကြဲတာတွေ မကြာခဏလုပ်နေပြီးအဲဒီဗုံးကြဲမှုတွေကြောင့်ရှေ့ဟောင်းဘုရားပုထိုး၊ အမွေအနှစ်တွေ ထိခိုက်၊ ပျက်စီးတာတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ညကလည်း မြောက်ဦးမြို့နယ် နန်းကျားရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး၁ ဦး သေဆုံးပြီး အပြစ်မဲ့အရပ်သားပြည်သူ၁၂ဦးထက်မနည်း ဒဏ်ရာရပါတယ်။
ဒါ့အပြင်နိုဝင်ဘာ ၁ ရက်နေ့ကလည်းမြောက်ဦးမြို့ပေါ်ရှိသားဖွားဆေးရုံကို ဗုံးကြဲခဲ့တာ ကြောင့် လသားအရွယ် ကလေးငယ်အပါအဝင် ၅ ဦးသေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။
မြောက်ဦး၊ သားဖွားဆေးရုံဗုံးကြဲခဲ့တဲ့နိုဝင်ဘာ ၁ ရက်နေ့မှာပဲ စစ်တွေ – ရန်ကုန်ပြည်ထောင်စုလမ်းမပေါ် ဝါး တောင်ရွာအနီးရှိ ယိုးချောင်းတံတားကိုလည်း ဗုံးကြဲချိုးဖျက်ခဲ့ပြီး အဲဒီဝန်းကျင်ရှိ ပြည်သူတွေနဲ့ ခရီးသွား ပြည်သူ ၇ ဦးသေဆုံးကာ၇ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ပေါက်တောမြို့နယ် ရွာချောင်းကြီး၊ ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာတို့ကိုလည်း ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာခဲ့ပါတယ်။
စစ်တပ်ရဲ့ မြောက်ဦး သားဖွားဆေးရုံဗုံးကြဲတဲ့ ဖြစ်ရပ်ဟာ လူ့သမိုင်းတလျှောက်မှာ အဆိုးရွား ဆုံးနဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုးတွေထဲကတခုဖြစ်ပြီး ဗုံးကြဲမှုမှာ ပါဝင်သူတယောက်ချင်းစီကို လက်တုံ့ ပြန် သွားမယ်လို့ အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
စစ်တပ်ဟာအခုရက်ပိုင်းမှာအာရက္ခပြည်ထဲက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ဆေးရုံတွေ၊ ပြည်သူတွေ၊အများပြည်သူအသုံးပြုတဲ့လမ်းတံတားတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်ဖျက်ဆီးမှုတွေဆက်တိုက်ရှိလာပြီးအဲဒီလုပ်ရပ်တွေဟာအင်မတန်အောက်တန်းကျယုတ်မာတဲ့လုပ် ရပ်တွေဖြစ်တယ်လို့လည်း သူက ဆိုပါ တယ်။
အာဏာသိမ်းစစ်တပ်ဟာပေါက်တောမြို့နယ်ငပြီကျွန်းကမ်းတက်တိုက်ပွဲ၊စစ်တွေ၊ကျောက်ဖြူမြို့နယ်တို့အတွင်းက တိုက်ပွဲတွေမှာ အထိနာအကျအဆုံးများပြီး တပ်စခန်းတွေ လက်လွှတ်နေရချိန် အခုလို အရပ်သားလူနေကျေးရွာ တွေကိုပါ မချန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
လူထုနွေဦးကကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ၁၀ရက်နေ့ထိနှစ်လကျော်အတွင်းစစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သားပြည်သူ ၁၂၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၂၀ ဦးထက်မနည်းရှိသွားခဲ့ပြီဖြစ်ပါတယ်။





















































