တရားမဝင် ရွှေ့ပြောင်းလုပ်သား နှစ်ဒါဇင်နီးပါးကို မှောင်ခိုပို့ဆောင်ဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲချက်နဲ့ မြန်မာ အေးဂျင့် ၄ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
ဟတ်ယိုင် ရထားဘူတာမှာ လူငယ် အေးဂျင့် ၄ ဦးအပြင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၃ ဦးကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ မလေးရှားမှာ အလုပ်သွားလုပ်ဖို့ ရည်ရွယ်ထားပြီး ဒီခရီးစဉ်အတွက် တစ်ယောက်ကို ဘတ် ၄၀၀၀၀ စီး ပေးချေခဲ့ရတယ်လို့ ထွက်ဆိုထားကြောင်း ရဲတွေက ဆိုပါတယ်။
ထိုင်းတောင်ပိုင်း၊ မလေးရှားနဲ့ နယ်စပ်နားက ဟတ်ယိုင်မြို့က ဘူတာရုံနားမှာ မြန်မာတစ်စုက မသင်္ကာစရာ အခြေအနေမျိုး စုဝေးပြီး တုပ်တုပ် (သုံးဘီးမော်တော်ဆိုင်ကယ်)တွေနဲ့ ရောက်နေတာကို ရဲတွေက သတိပြုမိပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
နာမည်အတိုကောက်အရ ကိုသန့်နဲ့ ကိုလင်းလို့ခေါ်တဲ့ မြန်မာနှစ်ဦးက အဲဒီ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ခရီးကို အဓိက စီစဉ်ပေးခဲ့တာလို့ ရဲတွေက ပြောပါတယ်။ အာဏာပိုင်တွေက သေချာစစ်ဆေးတဲ့အခါ မြန်မာနိုင်ငံသား ၂၃ ဦးထဲမှာ ၁၀ ယောက်က နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့တ်) အတုတွေ ကိုင်ဆောင်ထားပြီး ၁၃ ယောက်ကတော့ ပတ်စ်ပို့တ် မရှိတာကို တွေ့ရှိခဲ့ပါတယ်။

Public Service Announcement
နောက်ဆက်တွဲ စုံစမ်းမေးမြန်းတဲ့အခါ ကိုသန့်နဲ့ ကိုလင်းတို့ဟာ အဲဒီ ရွှေ့ပြောင်း မြန်မာတွေကို ရတ်ချာဘူရီကနေ ဆွန်ခလာကို ခေါ်ဆောင်လာပြကီး ဟတ်ယိုင်ဆီ ပို့ဆောင်ပေးဖို့ တစ်ဦးစီအတွက် ဘတ် ၂၀၀၀ စီ ရရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အဲဒီနောက် ဒီကိစ္စနဲ့ ဆက်နွှယ် ပတ်သက်မှု ရှိနေပြီး ကိုမောင်နဲ့ ကိုမြတ်လို့သာ နာမည် ဖော်ပြထားတဲ့ နောက်ထပ် မြန်မာ နှစ်ဦးကိုလည်း ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သူတို့က မြန်မာရွှေ့ပြောင်း လုပ်သားတွေကို တောလမ်းအတိုင်း ထိုင်းကနေ မလေးရှားဖက် ပို့ဆောင်ဖို့ တာဝန်ယူထားသူတွေလို့ ဆိုပါတယ်။
ပတ်စ်ပို့တ်အတု ကိုင်ဆောင်လာသူ ၁၃ ဦးက အဲဒီ စာရွက်စာတမ်းတွေဟာ အတုတွေဆိုတာ သူတို့မသိကြောင်း၊ မြန်မာဖက်ကနေ ထွက်လာခါနီးမှာ အေးဂျင့်တွေက သူတို့လက်ထဲ ထည့်ပေးလိုက်တာဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။ ပတ်စ်ပို့တ် အတုထဲက ဓာတ်ပုံတွေကတော့ သူတို့ပုံတွေ ဆိုတာကို ရွှေ့ပြောင်းလုပ်သားတွေက အတည်ပြုခဲ့ပါတယ်။
ရွှေ့ပြောင်းလုပ်သား ၂၃ ဦးဟာ ထိုင်းကို တရားမဝင် ဝင်ရောက်မှု၊ နေထိုင်မှုတွေနဲ့ တရားစွဲဆို ခံရမှာဖြစ်ပြီး ပတ်စ်ပို့တ်အတု ကိုင်ဆောင်ထားသူတွေကတော့ အဲဒီကိစ္စအတွက်ပါ သီးခြား အမှုရင်ဆိုင်ရမယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ အေးဂျင့် ၄ ဦးကတော့ ထိုင်းနိုင်ငံဆီ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ကူညီပေးမှု၊ လက်ခံနေရာချထားပေးမှု၊ အာဏာပိုင်တွေ လက်ထဲက လွတ်မြောက်အောင် ကြံစည်ပေးမှုတွေအတွက် အမှုရင်ဆိုင်ရမှာပါ။ ပြီးတော့ ကားတစ်စီးကိုလည်း အမှုနဲ့ ဆက်စပ်ပြီး ရဲတွေက သိမ်းယူထားပါတယ်။
အဖမ်းခံရသူ ၂၇ ဦးစလုံးဟာ ဟတ်ယိုင်ရဲစခန်းမှာ ထိန်းသိမ်းခံထားရပြီး တရားရေး ကိစ္စတွေနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
ကိုးကား: Khaosod

























































