နိုဝင်ဘာ-၁၈၊၂၀၂၆။People’s Spring
မြန်မာဖက်ခြမ်း ရှမ်းပြည်နယ်ကိုဖြတ်ပြီး စီးဆင်းလာတဲ့ မယ်ဆိုင်မြစ်ရေမှာ ဓာတု အဆိပ်အတောက်တွေ ရောနှောပါလာခြင်းက နယ်စပ်တစ်ဖက်ခြမ်းက ထိုင်းပြည်သူတွေရဲ့ ဘဝနဲ့အသက်မွေးမှုတွေကိုပါထိခိုက်စေတယ်လို့ ထိုင်း PBS သတင်းဌာနကဖော်ပြပါတယ်။
ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်ဒေသထဲ ဝင်ရောက်လာတဲ့ မြစ်ရဲ့ ရေထုညစ်ညမ်းမှုဟာ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်ကိုသာ မကဘဲ ဒေသရဲ့ စီးပွားရေးနဲ့ အသက်မွေးဝမ်းကျောင်း ကဏ္ဍတွေကိုပါ သက်ရောက်မှု ရှိလာစေတယ်လို့ Thai PBSက ဆိုပါတယ်။
Thai PBSရဲ့ သတင်းထောက်တွေဟာ မယ်ဆိုင်ခရိုင်၊ ဝီယန်ဖန်ခမ်း မြို့နယ်ထဲထိ ကွင်းဆင်းလေ့လာပြီး ဒေသခံတွေကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။နိုင်ငံနှစ်ခုကြားသဘာဝ နယ်နိမိတ်စည်းအဖြစ် ပိုင်းခြားထားတဲ့ မယ်ဆိုင်မြစ်ကို သောက်ရေ၊ သုံးရေအတွက် အစဉ်အဆက် အားကိုးခဲ့ပေမယ့် အခုတော့ မြစ်ရေ ညစ်ညမ်းမှုကြောင့် အရမ်း ဒုက္ခရောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
လွန်ခဲ့တဲ့ ၂ နှစ်လောက်ကဖြစ်ပွားတဲ့ရေကြီးမှုတွေအပြီးမှာမယ်ဆိုင်မြစ်ရေကစတင်နောက်ကျိလာပြီး အခုထိ ပုံမှန် အခြေအနေ ပြန်မရောက်တော့ပါဘူး။ မယ်ဆိုင်မြစ်ရေဟာ အရင်နှစ်တွေက ဆောင်းတွင်းဆိုရင် ကြည်လင်နေတတ်ပေမယ့် အခုတော့ အချိန်တိုင်း ညစ်ညမ်း နောက်ကျိနေတာ ဖြစ်ပါတယ်။
မြစ်ရေ ညိုညစ်လာတာဟာ ရေကြီးမှု၊ ဒါမှမဟုတ် မြစ်အထက်ပိုင်းမှာ သစ်ခုတ်မှုနဲ့ ဆောက်လုပ်ရေး စီမံကိန်းတွေ တည်ရှိနေမှုကြောင့်လို့ ဒေသခံတွေက ယူဆခဲ့ပေမယ့် နောက်ပိုင်း မြစ်ရေ အရည်အသွေးစစ်ဆေးမှုတွေအရ ဓာတု အဆိပ်အတောက်တွေ ပါဝင်နေတာကို စစ်ဆေး တွေ့ရှိလာတဲ့အခါ အားလုံး တုန်လှုပ်ခဲ့ကြောင်း မယ်ဆိုင်မြို့ခံ တစ်ဦးက ဖွင့်ဟခဲ့ပါတယ်။ ဒီသတင်းဟာ မြစ်ရေကို အမှီပြုနေရတဲ့ ဒေသခံတွေရဲ့ ကျန်းမာရေးအတွက်ပါ တွေးတော ပူပန်စရာတွေ ဖြစ်လာစေတယ်လို့ အဲဒီ မြို့ခံက ဆက်ပြောပါတယ်။
နောက်ပြီး အရင်ကဆိုရင် မြစ်ထဲမှာ ငါးတွေကို ပေါပေါများများ သဘာဝအတိုင်း တွေ့ရပေမယ့် အခုတော့ အရမ်းရှားပါးသွားပြီး မမြင်ရသလောက် ဖြစ်လာကြောင်းလည်း ဒေသခံတွေက Thai PBSကို ပြောပြခဲ့ပါတယ်။
မြစ်ရေကကြည်ကြည်လင်လင်နဲ့ နှစ်သက်စရာ မြင်ကွင်းမျိုးမဟုတ်တော့တဲ့အခါ မြစ်ကမ်းဘေး စားသောက်ဆိုင်တွေမှာ အရင်လို လူမစည်ကားတော့ပါဘူး။ ဖောက်သည်တွေ မရှိသလောက် နည်းသွားလို့ ဆိုင်တွေ ပိတ်ကုန်ပြီး ဒေသခံတွေရဲ့ စီးပွားရေးအပေါ် ထိခိုက်မှုတွေ ဖြစ်လာပါတယ်။
ဒါတင်မကဘဲ ထမင်းဟင်း ချက်ပြုတ်ရာမှာ အဆိပ်အတောက်ပါတဲ့ မြစ်ရေကို အသုံးပြုမှာကို ခရီးသွား ဧည့်သည်တွေက စိုးရိမ်နေတာကြောင့် ထမင်းဆိုင် ဖွင့်ဖို့တောင် မလွယ်တော့တဲ့ အခြေအနေ ဖြစ်လာကြောင်း ဒေသခံ သတင်းရင်းမြစ် တစ်ဦးက ညည်းတွားပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံဘက်ခြမ်းမှာအခုနှစ်ပိုင်းအတွင်းမြေရှားတူးဖော်မှုတွေတိုးလုပ်လာပြီး မြေရှားထုတ်လုပ်ပြီးစွန့်ပစ်ရေတွေဟာ ချောင်းတွေကတဆင့် ထိုင်းမြစ်တွေထဲပါစီးဝင်ကာ မြစ်ရေတွေညစ်ညမ်းလာတဲ့အတွက် ဒီအခြေအနေကိုထိန်းချုပ်ပေးဖို့ ထိုင်းအစိုးရက အာဏာသိမ်းစစ်တပ်အပြင် တရုတ်အစိုးရကိုပါတောင်းဆိုထားပါတယ် ။ရှမ်းပြည်နယ်မြောက်ပိုင်းကမြေရှားလုပ်ကွက်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကအဓိကလုပ်ကိုင်နေကြတာဖြစ်ပြီး စစ်တပ်မထိန်းချုပ်နိုင်ပါဘူး ။
ကိုးကား-Thai PBS

























































