နိုဝင်ဘာ-၁၈၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ် သူဌေးကုန်းရွာနဲ့ အနီးဝန်းကျင်ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံး ၅၀ နီးပါးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦးသေဆုံးပြီး ၂၁ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီဝန်းကျင်ကနေ တနာရီကျော်ကြာ တိုက်လေယာဉ် ၄ စီး၊ Y12 တစီးတို့နဲ့ ပေါင် ၅၀၀၊ ပေါင် ၃၀၀၊ ပေါင် ၂၀၀၊ Rocket ၊ ဒရော့ဗုံးအလုံး ၅၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် သူဌေးကုန်းရွာနဲ့ အနီးဝန်းကျင်တို့မှာ စစ်ဘေးရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ထိခိုက်၊ သေဆုံးခဲ့ကြရတာလို့ ဆိုပါတယ်။ အဲဒီထဲမှာ အသက် ၃ နှစ်အရွယ် ကလေးငယ်တဦး၊ ကိုယ်ဝန်ငါးလရှိ အမျိုးသမီးတဦးအပါအဝင် ၁၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၀ ဦး ရှိခဲ့တယ်လို့ AAက ဖော်ပြပါတယ်။
“အဲဒီနေ့က လေယာဉ်အုပ်လိုက်နဲ့ တခါတည်း ဝင်လာကြတာ။ ပလက်၀မြို့ပေါ်မှာလည်း လေယာဉ်ဝဲခဲ့သေးတယ် အဲဒီတုန်းက။ ဒဏ်ရာတော်တော်ပြင်းထန်တဲ့သူတွေ အခုထိ ဆေးကုနေကြရတုန်းပါ”လို့ ပလက်၀ဒေသခံ လူမှုကူညီရေးလုပ်နေသူ အမျိုးသမီးတဦးက ပြောပါတယ်။

Public Service Announcement
ဗုံးကြဲခံရတဲ့ သူဌေးကုန်းရွာဟာ လေးမြို့ချောင်းအထက်ပိုင်းမှာ တည်ရှိပါတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်ကလည်း လေးမြို့ချောင်းအထက်ပိုင်းရှိ ပလက်၀မြို့နယ် ပီချောင်းဆုံ(ချောင်းဆုံ)ရွာ ကုန်ဆိပ်ကို ဗုံးကြဲခဲ့တာကြောင့် သေဆုံး၊ ထိခိုက်သူ ဆယ်ချီ ရှိခဲ့ပါတယ်။
စစ်တပ်ဟာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး အထိနာနေကာ အခုရက်ပိုင်းမှာ သံတွဲ၊ ကျောက်တော်၊ မြောက်ဦးမြို့ပေါ်နေရာတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေကျေးရွာတွေကို ဆက်တိုက်ဗုံးကြဲနေ တာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၄ ရက်ကနေ နိုဝင်ဘာ ၁၇ ရက်အထိ လေးရက်ဆက်တိုက် ရခိုင်နဲ့ ပလက်၀မြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး သေဆုံးခဲ့ရတဲ့ အပြစ်မဲ့အရပ်သားပြည်သူ ၁၄ ဦးနဲ့ ဒဏ်ရာရသူ ၂၈ ဦး ရှိခဲ့ပါတယ်။
စစ်တပ်ဟာ နိုဝင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ ကျောက်ဖြူမြို့နယ်အတွင်းရှိ တိုက်ပွဲပြင်းထန်နေတဲ့ တောင်မော်ဦးရေတပ်စခန်းအနီး စနဲမြို့ တောင်ငူစုရပ်ကွက်ကိုလည်း ဒရုန်းတွေနဲ့ လာရောက်ဗုံးကြခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးခဲ့ရသေးတယ်။
ဒါ့အပြင် နိုဝင်ဘာာ ၁၇ ရက်ကလည်း သံတွဲမြို့ပေါ် အမှတ်(၁)အထက်တန်းကျောင်းနဲ့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)တို့ကို ဗုံးကြဲခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာခဲ့ပါတယ်။ နိုဝင်ဘာ ၁၆ ရက်ကလည်း ကျောက်တော်မြို့ပေါ်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ ဝန်းကျင်ကို ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၁၇ ရက်နေ့ထိ နှစ်လကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သား ပြည်သူ ၁၅၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၇၄ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)ကတော့ မပြီးဆုံးသေးတဲ့တိုက်ပွဲတွေနဲ့ ဆက်လက်သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနေပြီး ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေကို အာရက္ခပြည်သူတွေလက်ထဲသို့ မကြာခင်ပေးအပ်သွားမယ်လို့ အသိပေးထားပါတယ်။

























































