နိုတင်ဘာ-၁၈,၂၀၂၆။ဇော်ရမ်း/People’s Spring
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်ကို စစ်တပ်က အင်အားထပ်ဖြည့်နေပြီး ရခိုင်ပြည်နယ်နဲ့ နယ်စပ်အနီးက ကျေးရွာတွေမှာလည်း လက်နက်ကြီးတွေ ထပ်မံတပ်ဆင်နေပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း ရွှေသောင်ယံမြို့နယ်ကို ၂၀၂၅ ဇန်နဝါရီနောက်ပိုင်း အများဆုံးအဖြစ် ပြီးခဲ့တဲ့ဩဂုတ်မှာ စစ်တပ်က စစ်သင်္ဘောနဲ့စစ်ကားအများအပြားနဲ့ အင်အားဖြည့်ခဲ့ပြီး ယခုရက်ပိုင်းမှာ ထပ်မံအင်အားဖြည့်လာတာလို့ ဒေသခံတွေကပြောပါတယ်။
” စစ်ကားတွေ တောက်လျှောက်ဝင်လာတယ်။ နောက်ပြီး ကမ်းခြေဘက်တွေမှာ လက်နက်ကြီးတွေဆင်ထားတယ်။ ပစ်ခတ်သံတွေ ပိုကြားရတယ်။ လူတွေထဲအသွားအလာတော်တော်နည်းတယ်”လို့ ရွှေသောင်ယံ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်က ရွှေသောင်ယံမြို့နယ်ကို အင်အားဖြည့်ထားသလို ၎င်းတို့ခန့်အပ်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုလည်း သီးခြား ဆက်သွယ်ရေးစက်တစ်လုံးစီ ပေးထားပြီး ဒေသတွင်း သတင်းတွေကိုစုံစမ်းထောက်လှမ်းနေတယ်လို့ သိရပါတယ်။
” ရွှေသောင်ယံဘက်က အုပ်ကြီးတွေတော့ နွားတွေလိုပဲ ကြိုးချည်ခံထားရပြီ။ တစ်လုံးကို ၂သိန်းနီးပါး ယူပြီး ဆက်သွယ်ရေးစက်တွေ ထုတ်ပေးထားတယ်။ ဘယ်တော့ဘယ်လာလာအဲဒီစက်တွေကိုဖွင့်ခိုင်းထားတယ်။ အဲ့ဒီစက်တွေက ဘေးက အသံတွေအကုန်ဖမ်းပေးပြီး စစ်တပ်က ထိန်းချုပ်ထားတာ”လို့ ချောင်းသာကမ်းခြေဒေသက ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ချောင်းသာကမ်းခြေဟာ ရွှေသောင်ယံမြို့နယ်မှာ ပါဝင်ပါတယ်။စစ်တပ်က ဂွမြို့ကို တိုက်ခိုက်ဖို့အတွက် ရွှေသောင်ယံအပါအဝင် ဧရာဝတီတိုင်းက နယ်စပ်မြို့နယ်တွေကို အင်အားဖြည့် နေပါတယ်။ပြီးခဲ့တဲ့သြဂုတ် ၂၇ရက်က ရွှေသောင်ယံမြို့ကိုဖြတ်သွားတဲ့ ရခိုင် – ဧရာဝတီကမ်းခြေပတ်လမ်းပေါ်ကနေ စစ်ကား အစီးရေ ၅၀ နီးပါးဖြတ်သွားပြီး ရွှေသောင်ယံကမ်းခြေမှာလည်း စစ်သင်္ဘော ၁၀စီးကျော် တပ်စွဲခဲ့ပါတယ်။ အဲဒီသင်္ဘောတွေပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်နေပါတယ်။
အာရက္ခတပ်တော်(AA)က ဂွမြို့နယ်အပြင် ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ ကျိန္တလီနဲ့ဂျိတ်တောမြို့ကို ၂၀၂၄ မှာ သိမ်းယူခဲ့ပြီး လက်ရှိအချိန်အထိထိန်းချုပ်ထားပါတယ်။စစ်တပ်စစ်ကြောင်းတွေဟာ ဂွမြို့နယ်အတွင်း ဝင်ရောက်နိုင်ဖို့ လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတွေကနေ နည်းအမျိုးမျိုးနဲ့ထိုးဖောက်ဖို့ကြိုးစားနေတာကြောင့် ရခိုင်-ဧရာဝတီ အစပ် နေရာတွေမှာတိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေတယ်လို့ AAက သတင်းထုတ်ပြန်ထားပါတယ်။
ရွှေသောင်ယံမြို့နယ်ဟာ ဂွမြို့နယ်နဲ့ ပင်လယ် ကမ်းရိုးတန်းချင်းဆက်စပ်နေပါတယ်။အာရက္ခတပ်တော်(AA)က ဂွမြို့နယ်ကို ၂၀၂၄ခုနှစ်ဒီဇင်ဘာလမှာသိမ်းယူပြီးတဲ့နောက်၂၀၂၅ ဇန်နဝါရီလထဲမှာ ရွှေသောင်ယံမြို့နယ်ထဲက စစ်ကောင်စီစခန်းအချို့ကိုတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဘောမိနဲ့ မကျည်းစင်ရွာကို AAနဲ့ ပူးပေါင်းတပ်တွေကထိန်းချုပ်ခဲ့ပါတယ်။အိမ်ခြေလေးရာကျော်ရှိတဲ့ ဘောမိရွာကိုစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ ဒေသခံတချို့လည်း သေဆုံးခဲ့ပါတယ်။ နှစ်လခန့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ရေးအခြေအနေငြိမ်သက်ခဲ့ပေမယ့် စစ်ကောင်စီက ပုသိမ်- ရွှေသောင်ယံလမ်းကနေတဆင့် စစ်အင်အားတွေ မကြာခဏဖြည့်နေခဲ့ပါတယ်။

























































