နိုဝင်ဘာ-၁၈၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ နိုဝင်ဘာ ၁၈ရက်နေ့လယ်ပိုင်းက သေနတ်ပစ်ခတ်သံတွေထွက်ပေါ်လာပြီး စစ်တပ်ကလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။။
ညနေ ၃နာရီ ၂၀မိနစ်ခန့်မှာ ဆန်းကြွယ်ကျေးရွာဘက်ကနေ သေနတ်သံ အချက်၅၀ခန့် ထွက်ပေါ်လာပြီး စစ်တပ်က စစ်တပ်ကုန်းကနေ လက်နက်ကြီးပစ်ခတ်တာလို့ သိရပါတယ်။
” စစ်တပ်ကစစ်ကြောင်းတွေဖြန့်ထားတယ်။ ဒီရက်ထဲ တပ်ဖြန့်နေတာတွေ့တယ်။ ညကလည်း လက်နက်ကြီးပစ်ခတ်သံကြားတယ်။ ဒီနေ့နေ့ခင်းမှာတော့ သေနတ်သံတွေဆက်တိုက် ကြားရတာပဲ”လို့ ဖားကန့်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ပစ်ခတ်သံတွေထွက်ပေါ်လာတဲ့အကြောင်းအရင်းကို မသိရသေးပါဘူး။
စစ်တပ်ဂိတ်တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDFက တိုက်ခိုက်တာဖြစ် နိုင်တယ်လို့ဒေသခံအချို့က ပြောပေမယ့် အသေးစိတ်အတည်မပြုနိုင်သေးပါဘူး။
လက်ရှိအခြေအနေကြောင့် စစ်တပ်ရဲ့ လက်နက်ကြီးအန္တရာယ်ကိုသတိပြုနေထိုင်ကြဖို့ KPDFနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ အောက်တိုဘာလဆန်းကတည်းက စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး KIA ကလည်း စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာ၂၂ရက် နေ့လယ်ကလည်း စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လုံးခင်းကျေးရွာအုပ်စု၊ရပ်ကွက်(၂)ကို ကျရောက်ပေါက်ကွဲပြီး အရပ်သား ၄ဦး ဒဏ်ရာရခဲ့ပါတယ်။
ဆန်းကြယ်ကျေးရွာအပါအဝင် ဖားကန့် မြို့နယ်မှာ စစ်တပ်နဲ့ ရှမ်းနီ(SNA)၊ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက စစ်ကြောင်းလှည့်နေတဲ့အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ဒေသမှာ ယခုရက်ပိုင်း ပြင်းထန်တဲ့ မြေပြင်တိုက်ပွဲမဖြစ်ပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ရက်ညနေမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

























































