နိုဝင်ဘာ-၁၈၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မန္တလေးမြို့မှာ စစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့စီစဉ်နေတဲ့ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အစည်းအဝေးကို ပြည်သူတစ်ရပ်လုံးအနေနဲ့ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြဖို့ အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) – AFCCက ဒီကနေ့ (နိုဝင်ဘာ ၁၈ ရက်)မှာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
အာဆီယံ (ASEAN)အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းကာ (၁၂) ကြိမ်မြောက် ASEAN Ministers Responsible for Culture and Arts (12nd AMCA)နဲ့ (၂၂) ကြိမ်မြောက် Senior Officials Meeting on Culture and Arts (22nd SOMCA) တို့ကို ဒီဇင်ဘာ ၇ရက်ကနေ ၁၂ ရက်အထိ မန္တလေးမြို့မှာ ကျင်းပဖို့ စီစဉ်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယင်းအစည်းအဝေးတွေဟာ ဒေသတွင်း ယဉ်ကျေးမှုဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက် ရေးကို ရည်ရွယ်တဲ့ အစည်းအဝေးတွေ ဖြစ်ပေမဲ့ မြန်မာနိုင်ငံယဉ်ကျေးမှုအမွေအနှစ် သမိုင်းဝင်အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးတာ၊ ဗုံးကြဲတိုက်ခိုက်တာနဲ့ စစ်ရာဇဝတ်မှုတွေပြောင်ပြောင် တင်းတင်း ကျူးလွန်နေတဲ့ စစ်ကောင်စီကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ပေးနေတာဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို ဆန့်ကျင်လိုက်တာဖြစ်ကြောင်း AFCC က ထောက်ပြပါတယ်။

Public Service Announcement
“ထိပ်သီးအစည်းဝေးတွေ တက်ခွင့်မရတဲ့စစ်တပ်ကို ချွေးသိပ်ဖို့အတွက် မျက်နှာလုပ်တာ ဖြစ်နိုင်ပါတယ်”လို့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် မမေနှင်းက ပြောပါတယ်။
ဒါ့ကြောင့် မန္တလေးလူထု အပါအဝင် ပြည်သူတရပ်လုံးအနေနဲ့ အာဆီယံရဲ့ ယင်းအစည်းအဝေးတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အောက်ပါလှုပ်ရှားမှု ၄ ခုမှာ ပူးပေါင်းပါဝင်ကြဖို့ဆိုပြီး AFCCက တိုက်တွန်းထားပါတယ်။
၁။ စစ်တပ်ဟာ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးနေသူတွေဖြစ်ကြောင်း ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ အာဆီယံရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကန့်ကွက်စာတွေ ဝင်ရောက်ရေးသားတာနဲ့ No Stage for War Criminals ကမ်ပိန်းမှာ ပူးပေါင်းပါဝင်တာ၊
၂။ စစ်အုပ်စုက မန္တလေးမြို့မှာ လက်ခံကျင်းပမယ့်အစည်းအဝေးကို ပြည်သူလူထုတရပ်လုံးအနေနဲ့ လုံးဝမပူးပေါင်း မပါဝင်ဘဲ ကန့်ကွက်ကြဖို့။
၃။ စစ်အုပ်စုရဲ့ နိုင်ငံရေးပုံရိပ်မြှင့်တင်ရေးအတွက် အသုံးချခံရနိုင်တဲ့ လုပ်ငန်းတွေနဲ့ အစီအစဉ်တွေမှာ ပါဝင်ပတ်သက်တာကို ရှောင်ကြဉ်ကြဖို့၊
၄။ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းထံ မြန်မာပြည်သူလူထုရဲ့ သဘောထားအား နည်းလမ်းပေါင်းစုံနဲ့ထုတ်ဖော်အသိပေးကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့လည်း ယင်းအစည်းအဝေး (၂) ခုကို စစ်အုပ်အား အိမ်ရှင်အဖြစ် ကျင်းပခွင့်ပြုထားတာကို ချက်ချင်းရပ်ဆိုင်းပေးဖို့နဲ့ စစ်အုပ်စုဟာ မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို အကန့်အသတ်မရှိ ဖျက်စီးနေတာတင်မကဘဲ ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်ပျက်ပြားစေတဲ့ နိုင်ငံတကာရာဇဝတ်ကောင်တွေ ဖြစ်တာကို သတိပြုပြီး ၎င်းတို့အား တရားဝင်မှု ဖြစ်စေမယ့် ဘယ်လိုထိတွေ့ဆက်ဆံမှုမှ လုံးဝမပြုလုပ်ဖို့ အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)က တိုက်တွန်းတောင်းဆိုထားပါတယ်။

























































