ဆော်ဒီအာရေးဘီးယား နိုင်ငံရဲ့ အမြင့်ဆုံး မိုးမျှော်တိုက်ကြီးဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။
PIF Towerလို့ အတိုကောက် ခေါ်ဝေါ်တဲ့ ပြည်သူ့ရင်းနှီးမြှုပ်နှံမှုရုံး အဆောက်အအုံကြီးကို ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတွေက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ဒုံးကျည်တွေ၊ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဖြစ်စဉ်မှာ လူ ၁၁ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဆော်ဒီ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
အထပ် ၈၀ မြင့်တဲ့ အဆောက်အအုံကြီးဟာ နိုဝင်ဘာ ၂၁ ရက်နေ့တုန်းကလည်း ဟိုသီတွေရဲ့ ဒုံးကျည် ထိမှန်ပြီး အပျက်အစီးတွေ ဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။
ဆော်ဒီ ဦးဆောင်ပြီး ဟိုသီတွေကို စစ်ခင်းတိုက်ခိုက်နေတဲ့ အာရပ် မဟာမိတ် တပ်ပေါင်းစုက PIF Towerကို ပစ်မှတ်ထားခဲ့တဲ့ ဟိုသီတွေရဲ့ လုပ်ရပ်ဟာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုအဖြစ် စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

Public Service Announcement
အီရန်ရဲ့ မဟာမိတ် ဟိုသီတွေနဲ့ ဆော်ဒီကြားက တိုက်ပွဲတွေ ဇူလိုင်လမှာ ပြန်လည် စတင်လာပြီးနောက်ပိုင်း PIF Towerဟာ ဟိုသီတွေရဲ့ မျက်စိအကျဆုံး ပစ်မှတ်တစ်ခုလည်း ဖြစ်လာပါတယ်။
ဆော်ဒီဦးဆောင်တဲ့ မဟာမိတ် တပ်ပေါင်းစု ပြောရေးဆိုခွင့်ရ အရာရှိ တာကီ အယ်လ်မယ်လ်ကီက ရီယတ်ဒ် မြို့တော်မှာရှိတဲ့ ဘဏ္ဍာရေး အချက်အခြာ ရပ်ကွက်ထဲက အထပ်မြင့် အဆောက်အအုံ တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက် ခံရကြောင်း အဆောက်အအုံ နာမည်မတပ်ဘဲ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
သူက အဲဒီ လုပ်ရပ်ဟာ သူရဲဘောကြောင်တဲ့ အကြမ်းဖက်မှု တစ်ခုဖြစ်ကြောင်း၊ လောလောဆယ်မှာတော့ သက်ဆိုင်ရာ အာဏာပိုင် အရာရှိတွေက ထိခိုက်ပျက်စီးမှု အခြေအနေတွေကို ဆန်းစစ်နေကြောင်းလည်း ဆိုပါတယ်။
ဆော်ဒီ ပြည်သူ့ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ သီးခြား ထုတ်ပြန်ချက်မှာတော့ ဟိုသီတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။
ကနဦး စုံစမ်းမှုတွေအရ ပထမအကြိမ် တိုက်ခိုက်မှုအပြီး ထိခိုက်ပျက်စီးထားတဲ့ နေရာကို ပြုပြင်နေသူတွေလည်း အခင်းဖြစ်ချိန်က အဆောက်အအုံထဲမှာ ရှိနေခဲ့ကြောင်း သိရပါတယ်။ ပြီးတော့ ဒဏ်ရာရသူတွေထဲက အနည်းဆုံး ၂ ဦးဟာ အခြေအနေ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
လဆန်းပိုင်းတုန်းကလည်း အစိုးရပိုင် Aramco လောင်စာနဲ့ စွမ်းအင် လုပ်ငန်းစုကြီး ပိုင်ဆိုင်တဲ့ အထပ်မြင့် တိုက်ကြီးတစ်လုံးကို ဟိုသီတွေက တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ လတုန်းကတော့ ရီယတ်ဒ်မှာရှိတဲ့ နိုင်ငံတကာ လေဆိပ်တစ်ခုကို ဟိုသီ ဒရုန်းတွေ၊ ဒုံးကျည်တွေ ထိမှန်ခဲ့တာကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ကိုးကား: AFP
























































