ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့က စားသောက်ဆိုင် တစ်ခုမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၂၄ ရက်နေ့တုန်းက ဟနွိုင်းရဲ့ ဒွန်ဒါရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ဓာတ်ငွေ့ယိုစိမ့်မှု တစ်ခုကြောင့်လို့ ကနဦး ယူဆရပါတယ်။ အဲဒီဖြစ်စဉ်မှာ ဒဏ်ရာရသူ ၁၀ ဦးထက် မနည်းလည်း ရှိခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့တွေက အပျက်အစီးတွေအောက် ပိတ်မိနေသူတွေ ရှိမရှိ ဆက်ပြီး စစ်ဆေး ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ဟနွိုင်းရဲ့ လူစည်ကားရာ ဧရိယာမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွင်း စားသောက်ဆိုင် ပိုင်ရှင် အမျိုးသမီး၊ စားသောက်နေသူတွေနဲ့ လမ်းသွားလမ်းလာ တချို့ပါ သေဆုံးခဲ့ကြောင်း သိရပါတယ်။
ပေါက်ကွဲတဲ့ အရှိန်က ပြင်းထန်လွန်းလို့ စားသောက်ဆိုင် တစ်ခုလုံး ပြိုကျသွားပြီး အနီးတဝိုက်က အိမ်တွေလည်း တစိတ်တပိုင်း ပြိုကျတာ၊ ပြတင်းမှန်တွေ ကွဲအက်ကုန်တာတွေ ကြုံတွေ့ခဲ့ပါတယ်။

Public Service Announcement
မျက်မြင်တွေရဲ့ အဆိုအရ ပေါက်ကွဲမှု ဖြစ်ခဲ့ချိန်က စားသောက်ဆိုင်ထဲမှာ လူစည်ကားနေခဲ့တယ်လို့လည်း သိရပါတယ်။ ဒါကြောင့်လည်း အပျက်အစီးတွေ အောက်မှာ ရှာမတွေ့သေးတဲ့ သူတွေ ရှိနေနိုင်သေးတယ်လို့ ယုံကြည်ရတာဖြစ်ပြီး သေဆုံးစာရင်း ထပ်တိုးလာမှာကို အာဏာပိုင်တွေက စိုးရိမ်နေပါတယ်။
ကျယ်လောင်လှတဲ့ အသံကြီးနဲ့အတူ လင်းထိန်သွားခဲ့ကြောင်း၊ ပြီးတော့ အိမ်တံခါးတွေ၊ ပြတင်းမှန်တွေ အကုန်လုံး သူ့ဆီကို လွင့်စဉ်လာခဲ့ကြောင်း အနီးမှာ နေထိုင်သူ တစ်ဦးက ပေါက်ကွဲမှု ဖြစ်ပွားချိန် ကြုံတွေ့ခဲ့တာကို ပြောပြသွားပါတယ်။
စားသောက်ဆိုင်ဟာ လူနေတိုက် တစ်လုံးရဲ့ မြေညီထပ်မှာ ဖွင့်ထားခဲ့တာဖြစ်ပြီး တိုက်တစ်ခုလုံး အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားခဲ့တာပါ။
အခင်းဖြစ်တဲ့ နေရာမှာတော့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတွေ၊ ကယ်ဆယ်ရေး အဖွဲ့တွေ အလုပ်ရှုပ်နေပြီး လေ့ကျင့်ပေးထားတဲ့ ကယ်ဆယ်ရေး ခွေးတွေနဲ့အတူ ပျောက်ဆုံးနေသူတွေကို လိုက်ရှာနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဟနွိုင်း မြို့တော်ဝန်လည်း အဲဒီနေရာကို ကိုယ်တိုင် လာရောက်ခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အာဏာပိုင်တွေကတော့ ပေါက်ကွဲမှု နောက်ဆက်တွဲ ဖြစ်ရပ်တွေကို ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပြီး အနီးတဝိုက်မှာ ကြံ့ခိုင်မှုပိုင်း အပြင်းအထန် ထိခိုက်သွားတယ်လို့ ယူဆရတဲ့ အဆောက်အအုံတွေမှာ နေထိုင်သူတွေကိုလည်း ယာယီ ရွှေ့ပြောင်းပေးနေကြောင်း ပြောကြားထားပါတယ်။
ကိုးကား: Xinhua
























































