နို၀င်ဘာ-၂၅ ၊၂၀၂၆။မိုမို/People’s Spring
မွန်ပြည်နယ်၊ခေါ်ဇာမြို့အခြေစိုက် ခလရ (၃၁) တပ်ရင်း တပ်ရေးဗိုလ်ကြီး ပစ်ခတ်ခံရလို့ သေဆုံးမှုအပေါ် စစ်တပ်က ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူကြိမ်းမောင်းခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက် နေ့လယ် ၃ နာရီခွဲ၀န်းကျင်က ရေးမြို့နယ်တောင်ပိုင်း ရင်းဒိန်ကျေးရွာနဲ့ ရင်းရယ်ကျေးရွာအကြားမှာ ရေးမြို့ကနေ ခေါ်ဇာမြို့အခြေစိုက် ခလရ (၃၁)တပ်ရင်း ပြန်လာတဲ့ တပ်ရေးဗိုလ်ကြီးဇော်မျိုးအောင်လိုက်ပါလာတဲ့ကားကို တော်လှန်ရေးတပ်တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ တပ်ရေးဗိုလ်ကြီးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် Mon State Revolutionary Force – MSRF က ထုတ်ပြန်ထားပါတယ်။

Public Service Announcement
ဒါ့အပြင် MA-3 ၁လက်၊ MA ကျည်ဘောက် ၃ခု၊ MA ကျည်တောင့် ၁၀၀ ဝန်းကျင်၊ ပစ္စတို MA5 ၁လက် နဲ့ ဖုန်း ၁လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။
“ကျေးရွာအုပ်ကြီး တွေကို ဒီမနက်ခေါ်တာ။ခလရ ၃၁ နဲ့ဆိုင်တဲ့ ရေးတောင်ပိုင်းက ကျေးရွာတွေပေါ့။တိုက်ခံရတဲ့ နေရာက ရင်းဒိန်းနဲ့ ရင်းရယ်ကျေးရွာအုပ်ကြီးတွေ အဓိကသွားတယ်လို့ သိရတယ်။သတင်းမလုံလို့တပ်ရေးဗိုလ်ကြီးနဲ့ စစ် တပ်က သေတာတွေကြောင့်။နောက်ပြီး တော်လှန်ရေးတပ်တွေရဲ့လှုပ်ရှားမှုကို မစောင့်ကြည့်နိုင်ဘူးဆိုပြီး အပြစ်တင်တယ်လို့ ကြားရတယ်”လို့ ရေးမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်ဆိုဘာ ၉ ရက် ညကလည်း ခလရ(၃၁)တပ်ရင်း အဝင်ဂိတ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တာရှိပါတယ်။ရေး၊လမိုင်း နဲ့ ခေါဇာမြို့ တွေမှာ တိုက် ပွဲတွေ နေရာတိုင်း ဖြစ်လာနိုင်တယ်လို့ ဒေသတွင်းအခြေစိုက်တပ်ဖွဲ့ ရေးဘီလူးက နိုဝင်ဘာ ၁၅ ရက်က အသိပေးထားပါတယ်။
ရေးမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၉)နဲ့ လက် အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၆၁၊ ခလရ ၁၀၆၊ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ ၅၈၈၊ ခမရ -၂၈၇ ၊ အမြောက် တပ်ရင်း အမှတ် ၃၁၆ နဲ့ ၃၁၇ တပ်ရင်း တွေရှိပါတယ်။
မွန်တပ်ဖြစ်တဲ့ ရာမညမွန်တပ်တော်
(RMA)ကလည်း ကျိုက်မရောမြို့နယ်က စစ်တပ်စခန်း ၃ခုကို နိုဝင်ဘာ ၁၂ရက်က တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ RMAက အသိပေးထားပါတယ်။ ဒါ့အပြင် ကော့ကရိတ်မြို့နယ် က စစ်တပ်စခန်းနေရာ ၃ ခုကိုလည်း RMA ဒရုန်းတပ်ဖွဲ့က နိုဝင်ဘာ ၆ရက်မှာ တိုက်ခိုက်ခဲ့ပါသေးတယ်။ အောက်တိုဘာ ၃၁ရက်က ရေးမြို့နယ် ဒူးရားရွာဘက်က စစ်တပ်စစ်ကြောင်းကိုလည်း RMAက မိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ကလည်း မွန်ပြည်သူတွေနေထိုင်ရာကို လေကြောင်း တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ရာ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။ နိုဝင်ဘာ ၁၅ရက်နဲ့ ၁၆ရက်နေ့တွေမှာ ရေးချောင်းဖျားဒေသက ပြည်သူနေထိုင်ရာ ရွာတွေကို စစ်တပ်က လေယာဉ် ဗုံးကြဲခဲ့ရာ ပြည်သူ ၄ဦးထက်မနည်း သေဆုံးကာ ၂၀ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။
























































