နိုဝင်ဘာ-၂၅၊၂၀၂၆။People’s Spring
မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က ချမှတ်ခဲ့တဲ့ စီရင်ချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အရေးပေါ် အစည်းအဝေး တစ်ခုကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။
အဲဒီ အစည်းအဝေးကို UNSCရဲ့ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ဗြိတိန်ရဲ့ တိုက်တွန်း တောင်းဆိုမှုအရခေါ်ယူမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ (UN)မှာရှိတဲ့ ဗြိတိန် သံအမတ်က အဲဒီ သတင်းကို လူမှုကွန်ရက် မီဒီယာ Xမှာ နိုဝင်ဘာ ၂၄ ရက် ညပိုင်းက ရေးသားထားခဲ့ပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ နိုဝင်ဘာ ၂၅ နေ့ခင်းပိုင်းမှာ တံခါးပိတ်ကျင်းပမှာဖြစ်တာကြောင့် မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၅ ညပိုင်းကျင်းပမှာဖြစ်ပါတယ်။

Public Service Announcement
UN လက်အောက်ခံ တရားရုံးဖြစ်တဲ့ ICJက မြန်မာဟာရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်အတွက် အပြစ်ရှိကြောင်း နိုဝင်ဘာ ၁၉ ရက်နေ့မှာ အမိန့်ချခဲ့ပါတယ်။ ဒါဟာ နိုင်ငံတစ်ခုက လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားပါတယ်လို့ ပထမဆုံးအကြိမ် သတ်မှတ်တဲ့ သမိုင်းဝင် စီရင်ချက်လည်း ဖြစ်လာခဲ့ပါတယ်။
ဗြိတိန်ဟာ ICJ ဆုံးဖြတ်ချက်အပြီး တရားရုံးရဲ့ စီရင်ချက်ကို လေးစားလိုက်နာမယ်လို့ အစောဆုံး ထုတ်ပြန်တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့သလို မြန်မာ စစ်သံမှူးကို နယ်နှင်မယ်လို့ပါ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေကို လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ် ထိပ်ပိုင်း အရာရှိ ၅ ဦးကိုလည်း ဗြိတိန်က ပိတ်ဆို့ အရေးယူမှုတွေ ထုတ်ပြန်ခဲ့ပါတယ်။
ဗြိတိန်ဟာ ICJ စီရင်ချက်နဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့မှာ UNSC အစည်းအဝေး ခေါ်ယူခဲ့သလို ဒီဇင်ဘာလ ၇ ရက်မှာလည်း နောက်ထပ် အစည်းအဝေးတစ်ခု ထပ်မံ ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာအပေါ် စဉ်ဆက်မပြတ် ဖိအားပေးနေဖို့ လိုအပ်ပြီး ဒါမှသာ လက်ရှိ ကြုံနေတဲ့လူသားချင်းစာနာမှု အကျပ်အတည်းတွေကို အဆုံးသတ်နိုင်မှာ ဖြစ်တယ်လို့ ဗြိတိန်က ဆိုပါတယ်။
ICJရဲ့စီရင်ချက်မှာတော့မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာရခိုင်ပြည်နယ်ထဲမှာ၂၀၁၇ တုန်းက ရိုဟင်ဂျာ ၁၀၀၀၀ ဝန်းကျင်လောက်ကို သတ်ဖြတ်ခဲ့သလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲ ဖော်ပြထားပါတယ်။အာဏာသိမ်းမြန်မာစစ်တပ်ကတော့ အဲဒီ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
ICJက မြန်မာအနေနဲ့ ရိုဟင်ဂျာတွေအပေါ် နောက်ထပ် လူမျိုးသုဉ်း သတ်ဖြတ်မှု ဖြစ်စဉ်တွေ ပေါ်ပေါက်မလာအောင် တားဆီးတဲ့ အစီအမံတွေ ချက်ချင်း အကောင်အထည် ဖော်ဖို့၊ ပြစ်မှု ကျူးလွန်ခဲ့သူတွေကို ဖော်ထုတ် အရေးယူဖို့လည်း ညွှန်ကြားထားပါတယ်။ ICJရဲ့ စီရင်ချက်ဟာ အတည်ဖြစ်ပြီး အယူခံ ဝင်ပိုင်ခွင့်လည်း မရှိပါဘူး။
UNSCရဲ့ ဗီတိုအာဏာပိုင် အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံထဲမှာ ဗြိတိန်နဲ့ ပြင်သစ်တို့က ICJရဲ့ စီရင်ချက်ကို ထောက်ခံထားပြီး အမေရိကန်ကတော့ ပြန်လည် သုံးသပ်သွားမယ်လို့ ပြောကြားထားပါတယ်။
ရုရှားကတော့ လူသိရှင်ကြား ဘာမှတ်ချက်မှ မပေးသေးဘဲတရုတ်ကတော့ICJရဲ့စီရင်ချက်ဟာပြဿနာတွေကိုဖြေရှင်းရမယ့်အစားပိုရှုပ်ထွေးသွားစေနိုင်ကြောင်းဝေဖန်ထားခဲ့ပါတယ်။
ကိုးကား-Daily Star
























































