Connect with us

Hi, what are you looking for?

သတင်း

ICJစီရင်ချက်ပြည်သူအားလုံးအတွက် တရားမျှတမှု ယူဆောင်လာနိုင်မယ့်လမ်းစလို့ ဒေါ်ဇင်မာအောင် နဲ့ ဦးကျော်မိုးထွန်းတို့ပြောကြား

စစ်အုပ်စုကပြည်သူတွေကိုအမှုတွဲဖို့ ကြိုးစားနေတာလက်မခံဘဲ တရားမျှတမှု၊ လူသားဆန်မှုအပေါ် ရပ်တည်ကြရန် တိုက်တွန်း

နိုဝင်ဘာ-၂၅၊ ၂၀၂၆။ထားမြတ်/People’s Spring

အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) ရဲ့ ရိုဟင်ဂျာအရေးစီရင်ဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေအတွက်သာ မက စစ်အုပ်စုရဲ့ အကြမ်းဖက်မှုများ ရင်ဆိုင်နေရတဲ့ ပြည်သူတရပ်လုံးအတွက် တရားမျှမှု ယူဆောင်လာနိုင်မယ့် လမ်းစဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကပြောကြားပါတယ်။

မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ အမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အပြီးသတ်စီရင်ချက် ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး ICJ စီရင်ချက် ဘာတွေဆက်ဖြစ်မလဲ စကား၀ိုင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၄ရက်က ပြုလုပ်ခဲ့ရာ သံအမတ်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က အခုလို ရှင်းပြခဲ့တာပါ။

“ICJက ဆုံးဖြတ်လိုက်တဲ့ဟာက ကျနော်တို့တွေ နစ်နာရတဲ့လူတွေအတွက်ကို Justice တရားမျှတမှု ရဖို့ တဆင့်တက်လာတယ်လို့ကျနော်မြင်တယ်။ အခုအနေအထားနဲ့ ကြည့်ရင် ရိုဟင်ဂျာ အတွက်လို့ ဆိုသော်ငြားလည်းပဲ ဒါဟာ တစ်နိုင်ငံလုံးအတိုင်းအတာအတွက် Justice ကို ရဖို့အတွက်ကို တဆင့်တက်လာတယ်လို့ ပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ခံစားရတဲ့ဟာတွေ နှစ်ပေါင်းများစွာရိုဟင်ဂျာတွေရောကျနော်တို့ တိုင်းရင်းသားညီအကိုမောင်နှမတွေရော ဒီလိုမျိုးစိန်ခေါ်မှုတွေ ဒီလိုမျိုး ရက်စက်မှုတွေ ဒီလိုမျိုးအကြမ်းဖက်မှုတွေ ခံစားခဲ့ရတဲ့ဥစ္စာဖြစ်တယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာစစ်ကိုင်း၊မန္တလေး၊မကွေး အပါအဝင် နိုင်ငံအနှံ့ စစ်အုပ်စုရဲ့ အကြမ်းဖက်ဖိနှိပ်မှုမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ICJ ရဲ့ စီရင်ချက် ထိရောက်စွာ အကောင်အထည်ဖော်ပေးဖို့ NUGက ထုတ်ပြန်တာ ပြောဆိုတာ ပြုလုပ်ထားပြီး နိုင်ငံတကာရဲ့ ပံ့ပိုးမှု ကူညီစောင်ရွက်မှုက အရေးကြီးကြောင်း၊ ICJ ရဲ့ စီရင်ချက်ချပြီးသွားပြီဖြစ်လို့ ကုလအထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ တို့ရဲ့ အခန်းကဏ္ဍ များစွာ အရေးပါလာကြောင်း ပြောပါတယ်။

ဆုံးဖြတ်ချက်ထဲမှာလည်း တာဝန်ရှိတဲ့သူကို အရေးယူဖို့ ဆိုတာ ပါလို့ ဆက်လုပ်ဆောင်သွားရမှာဖြစ်ပြီးစိန်ခေါ်မှုတွေရှိနေပေမဲ့ ကျော်လွှားသွားဖို့ လိုအပ်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။

ICJ ဆုံးဖြတ်ချက်ဟာ တော်လှန်ရေးအတွက် အရေးကြီးတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ICJ ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်တဲ့အခါ စစ်အုပ်စု ရှိနေသမျှ ထိရောက်စွာ အကောင်အထည်ဖော်နိုင်မှာ မဟုတ်လို့ ဖြစ်တယ်လို့ ပြောပါတယ်။

“ဘာလို့လည်းဆိုတော့စစ်အုပ်စုက မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုကိုယ်တိုင်ကိုယ်က ကျူးလွန်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် သူတို့တွေ ကို လုပ်ဖို့ဆိုရင် ကျနော်တို့တွေက ၀ိုင်းပြီးတော့ ပြည်တွင်းရဲ့အားရော ပြည်ပမှာ ရှိတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့အားရော ယူပြီးတော့ ရိုဟင်ဂျာအတွက်ကိုတင်မကဘူး မြန်မာနိုင်ငံ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူပြည်သားတွေအတွက် Justice ရဖို့ အတွက်ကို ဒါက ခြေလှမ်းတခုအဖြစ် ယူ

ဆောင်ပြီးတော့ ကိုယ့်ပြည်သူပြည်သားအားလုံးအတွက် ကိုယ့်ပြည်သူပြည်သားတွေရဲ့အနာဂတ်အတွက် အထူးသဖြင့် ကျနော်တို့တွေရဲ့ Next Generationတွေ၊ Generationတွေ၊ ကျနော်တို့သားသမီးတွေရဲ့ Generationတွေအတွက် ကောင်းတဲ့ ရလဒ်ရဖို့ အတွက်ကို ဒါကို ကျနော်တို့ စုစည်းအားနဲ့ အကောင်းဆုံးအသုံးချသွားနိုင်မယ်လို့တော့မြင်တယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားပါတယ်။

ဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ICJ စီရင်ချက်ဟာ ကျူးလွန်တဲ့ စစ်အုပ်စုကို အရေးယူဖို့ လုပ်ဆောင်တာဖြစ်ပေမဲ့ စစ်အုပ်စုက ပြည်သူတွေကို အမှုတွဲဖို့ ကြိုးစားနေကြောင်း ရှင်းပြပါတယ်။

“ပြစ်မှုထင်ရှားနေတယ်ဘယ်သူက ကျူးလွန်သလဲဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသားကို မင်းတို့နဲ့လည်းဆိုင်တယ် ဒီဟာကျတော့မှ ပေါ့နော် “လို့ ဒေါ်ဇင်မာအောင်က စစ်တပ်က လူထုကို အမှုတွဲဖို့ လုပ်ဆောင်နေတဲ့ အခြေအနေကို ရှင်းလင်း​ပြောကြားပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ တရားမျှတမှုအပေါ်၊ လူသားဆန်မှုအပေါ် ရပ်တည်ဖို့ သာအရေးကြီးတယ်လို့ ပြောပါတယ်။

“ဒါက လူမျိုးစုတစုတည်းရဲ့ တရားမျှတမှုမဟုတ်ဘူး။ ကျမတို့ လူမျိုးပေါင်းစုံ ဆုံးရှုံးနေတဲ့ တရားမျှတမှုကိုပါ ဖော်ဆောင်နိုင်မယ့် လမ်းစအနေနဲ့ ကျမတို့ သယ်ဆောင်သွားဖို့ လိုတယ်။” လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ICJ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တိုင်းပြည် ဂုဏ်သိက္ခာကို ဘယ်လို ပြန်တည်ဆောက်ရမယ်ဆိုတာ ရှင်းပြပါတယ်။

စစ်အုပ်စုကို ဖယ်ပြီး နိုင်ငံတော်သစ်ကို ထူထောင်နိုင်တဲ့ လမ်းစပေါ် ရောက်မှ ဒီဂုဏ်သိက္ခာက ပြန်တည်ဆောက်နိုင်မယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

“စစ်အုပ်စုကြောင့် ကျသွားတဲ့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ကျမတို့ ဒီနွေဦးတော်လှန်ရေးနဲ့ ပြည်သူလူထုရဲ့ အက်တီကျူ့နဲ့ ရုန်းကန်တွေ သဘောထားတွေ တရားမျှတမှုကို မြတ်နိုးမှုတွေ လူသားဆန်မှုတွေနဲ့သာလျင် ပြန်ပြီးတော့ ဆွဲတင်နိုင်လိမ့်မယ်လို့ မြင်တယ်”လို့ဒေါ်ဇင်မာအောင်ကဆက်ပြောပါတယ်။

ပြည်သူလူထုအနေနဲ့ တရားမျှတမှုဘက်မှာ ရပ်တည်နေမယ် လူသားဆန်မှုမှာ ရပ်တည်နေမယ်ဆိုရင် နိုင်ငံသားတဦးချင်းစီအနေနဲ့ ဂုဏ်သိက္ခာကျစရာမရှိဘူးလို့ ဝန်ကြီးက ပြောကြားပါတယ်။ မတရားမှုတွေကို တိုက်ဖျက်နေတဲ့သူတွေဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်က ပိုအရေးကြီးကြောင်းလည်း ဝန်ကြီးက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ