▪️စစ်ကောင်စီ၏ လက်နက်တင်ပို့ရာ အဓိကလမ်းဆုံဖြစ်၍ အရေးကြီးဟု မဟာမိတ်အဖွဲ့ပြော
ကလေးမြို့နှင့် ချင်းတောင်ကြားရှိ ကားလမ်းကို သိမ်းပိုက်ရန် စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်နေပြီး ချင်းပြည်နယ် လက်နက်ကိုင် မဟာမိတ်အဖွဲ့များက လမ်းမတစ်လျှောက် သုံးရက်တိုင် အပြင်းအထန်ခုခံနေသည်။
ကလေး-သိုင်းငင် ကားလမ်းအဆုံးရှိ သိုင်းငင်လမ်း ဆုံသည် ချင်းပြည်နယ် ဖလမ်း၊တီးတိန်နှင့် တွန်းဇံမြို့များသို့ အဓိက ဆက်သွယ်ထားသောလမ်းဆုံဖြစ်သည်။ စစ်ကောင်စီက အဆိုပါလမ်းကြောင်းကို လက်နက်သယ် ဆောင်ရန်ကြိုးပမ်းရာ ဇန်နဝါရီ ၁၃ ရက်မှစ၍ ချင်းပြည်နယ်ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့များဖြစ်သော CDM siyin၊ PDF Zoland၊ Zogam Army၊ People Defense Armyနှင့် CNDF စသည့် မဟာမိတ်ငါးဖွဲ့ နှင့်အပြင်း အထန်တိုက်ပွဲ ဖြစ်နေသည်။

“စစ်တပ်က ကားငါးစီးနဲ့ ဒီလမ်းကနေ ဖလမ်းကိုလက်နက်သယ်ဖို့လုပ်တာ။ ကျွန်တော်တို့က သိုင်းငင် လမ်းဆုံအထိကိုပေးလို့ မရဘူး”ဟု မဟာမိတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

Public Service Announcement
“အဲ့တာကျသွားရင် ချင်းပြည်နယ်ကို အလွယ်တကူဝင်ထွက်နိုင်သွားမယ်၊အဲ့တာကြောင့်ရှိတဲ့ ပြည်သူအင်အားနဲ့ ကျွန်တော်တို့တိုက်နေရတာ”ဟု ၎င်းက ပြောသည်။
ချင်းမဟာမိတ်အဖွဲ့သည် မြန်မာနိုင်ငံအတွင်း အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်များထံမှ လက်နက်ခဲယမ်းရရှိမှုလည်း နည်းပါးနေပြီး တူမီး၊မောင်းချိုး စသည့်လက်နက်အများစုဖြင့် သာတိုက်နေရသည်ဟု ၎င်းတို့က ငြီးငြူသည်။
ထို့အပြင် စစ်တပ်က ဇန်နဝါရီ ၁၅ရက် နံနက်တွင် လက်နက်ကြီးများဖြင့် ချင်းတောင်ပေါ်သို့ တရစပ်ပစ်နေသလို နေ့လယ်၃ နာရီဝန်းကျင်တွင် တိုက်လေယာဥ်နှစ်စီးသုံး၍ ဒေသခံကာကွယ်ရေးတပ်များကို ဗုံးကြဲချခဲ့သည်။
“အရင်က ကလေးမှာ ရဟတ်ယဉ်သုံးဖူးပေမယ့် တိုက်လေယဉ်သုံးတာတော့ ပထမဆုံးပဲ။ကျွန်တော်တို့ဘက်က အကျအဆုံးမရှိခဲ့ပေမယ့် အနာတရဖြစ်တာတွေရှိတယ်” ဟု ချင်းတော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။
မဟာမိတ်အဖွဲ့မှ ခုနစ်ဦး ပြင်းထန်စွာထိခိုက်သွားခဲ့ပြီး လေးဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိသည်ဟု ၎င်းတို့က ပြောသည်။ သုံးရက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရှစ်ဦးထက်မနည်းသေဆုံးနိုင်သည်ဟု ၎င်းတို့က ခန့်မှန်းသော်လည်း အတိအကျမသိပေ။
စစ်ကောင်စီတပ်သည် ကလေးမြို့မှနေ၍ ဒေသခံကာကွယ် ရေးတပ်များ ပုန်းခိုနေသည့် ချင်းတောင်ပေါ်သို့ လက်နက်ကြီး နှင့် လေယာဉ်ပစ်ကူပြီး ကလေး-သိုင်းငင် ကားလမ်းကို စိုးမိုးမှုရယူရန် ယနေ့နံနက်အထိ ထိုးစစ်ဆင်သည်။
ထို့အပြင် လမ်းမတစ်လျှောက် ရွာများသို့ ဝင်ရောက်စီးနင်းရင်းရာတွင်လည်း တရားမဲ့ကျူးလွန်မှုများ ပြုနေသည်။
ဇန်နဝါရီ ၁၃ရက်တွင် ထေးဇန်ရွှာမှ နေအိမ်ငါးလုံးကိုမီးရှို့ပြီး ဇန်နဝါရီ၁၄ ရက်တွင် ဟိန်ဇိန်ရွာမှ (၂၉) နှစ်အရွယ် အိမ်စောင့်အမျိုးသားကို ပစ်သတ်ခဲ့သည်ဟု ချင်းပြည်နယ် Zalen သတင်းဌာနက ဖော်ပြသည်။
တိုက်ပွဲစတင်သည့် ဇန်နဝါရီ ၁၃ ရက်မှနေ၍ ကလေးမြို့ ၊ခိုင်ကမ်း ၊မွာလ်ပီး၊ ထေးဇန်၊ ကော်ဖီခြံ၊ ဟိန်ဇိန်၊ အိုင်ကျစ်၊ သိုင်းငင်းစသည့် ချင်းရွာများမှာ ရွာတွင် အိမ်စောင့်သာချန်ခဲ့ပြီး လူပေါင်း ၁,၀၀၀ နီးပါး စစ်ဘေးရှောင်နေရသည်။


















































