●ဂျာမနီသာမက ဥရောပဆိုင်ရာ မြန်မာသံစစ်မှူးအဖြစ် အသိအမှတ်ပြုခံရမည်မဟုတ်တော့
မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်အောင်ကျော်မိုးကို ဂျာမနီအစိုးရက ဗီဇာသက်တမ်းတိုးမပေးတော့ဘဲ နိုင်ငံမှထွက်ခွာရန် ညွှန်ကြားထားကြောင်း ဥရောပရောက်သတင်းရင်းမြစ်အချို့က ပြောသည်။
အဆိုပါ ဂျာမနီဆိုင်ရာ မြန်မာစစ်သံမှူးသည် ဗြိတိန်၊ ပြင်သစ်၊ အီတလီစသည့် အခြားသော ဥရောပနိုင်ငံများကိုလည်း တွဲဖက်တာဝန်ယူရပြီး ဂျာမနီက ဗီဇာသက်တမ်းတိုးမပေးသည့် အ တွက် အခြားနိုင်ငံများအတွက်လည်း စစ်သံမှူးအဖြစ် အသိအမှတ်ပြုခံရမည်မဟုတ်ကြောင်း ရင်းမြစ်များက ပြောသည်။
မြန်မာအကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတကာသံတမန်မျက်နှာစာတွင် ဆက်လက်ရှုံးနိမ့်နေဆဲဖြစ်ပြီး ကုလသမဂ္ဂ၌လည်း ကိုယ်စားပြုခွင့်မရသေးပေ။
ဒေသတွင်း အင်အားကြီးနိုင်ငံအချို့နှင့် အာဆီယံနိုင်ငံအချို့က အကြမ်းဖက်စစ်တပ်နှင့်အကျိုးစီးပွားပတ်သက်မှုများရှိနေ၍ ဆက်သွယ်ဆက်ဆံမှုရှိသော်လည်း အာဆီယံ ထိပ်သီးညီလာခံ၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံဆွေးနွေးဖက် နိုင်ငံများနှင့် အစည်းအဝေးများတွင် ကိုယ်စားပြုတက်ရောက်ခွင့်မရသေးပေ။
ပြီးခဲ့သည့် လပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီသည် ဗိုလ်ချုပ် သန်းထွဋ်သိန်းကို စင်ကာပူဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အဆိုပြုခဲ့ရာ စင်ကာပူအစိုးရက လက်မခံဘဲ ငြင်းပယ်ခဲ့သည်။
ထို့အတွက် မင်းအောင်လှိုင်နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသည့် ဗိုလ်ချုပ်သန်းထွဋ်သိန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်အဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့သည်။