▪️စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ဦးဖမ်းမိပြီး လက်နက်မျိုးစုံ ၃၀ခန့်နှင့် ခဲယမ်းအများအပြားရ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ဦးကို အရှင်ဖမ်းမိကြောင်း KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မတ်လ ၁၀ရက်က ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် မယ်ပေါ်ထဒေသ၌ တပ်မဟာ(၅) စစ်ကြောင်းမှူး ကွပ်ကဲဦးစီးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်၏ ခလရ (၉၇)အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဖာပွန် ဒွယ်လိုးမြို့နယ်ပေါ့နော်။ အရှင်ဖမ်းမိတာ ၁၆ယောက်။ သေတာတွေလည်းရှိတာပေါ့။ လက်နက်က RPG 7 လည်းပါတယ်”ဟု ၎င်းက ဆိုသည်။

Public Service Announcement


သိမ်းဆည်းရမိသည့် လက်နက်များအနက် RPG ၂လက်၊ စနိုက်ပါ နှင့် စက်သေနတ်အပါအဝင် လက်နက်မျိုးစုံ ၂၈လက်ထက်မနည်းကို စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိခဲ့ကြောင်း KNU တပ်မဟာ(၅)၏ တိုက်ပွဲသတင်း ဖော်ပြချက် ရုပ်သံဖိုင်၌ တွေ့ရသည်။
စစ်ကောင်စီတပ်ကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၁၆ဦး အရှင်ဖမ်းမိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။





ဒဏ်ရာရသူများထဲတွင် တပ်ခွဲမှူး နှစ်ဦး၊တပ်ကြပ် နှစ်ဦးပါဝင်သည်ဟု ဆိုသည်။
တိုက်ပွဲတွင် KNU တပ်မဟာ(၅)ဘက်က လေးဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ရွာသားလေးဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု KNU တာဝန်ရှိသူက ပြောသည်။
KNU တပ်မဟာ(၅)နယ်မြေတွင် ဖေဖော်ဝါရီအတွင်းကလည်း တိုက်ပွဲ ၃၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်။


















































