▪️ပြည်သူလူထုပိုင် ပစ္စည်းများ ခိုးယူသွားဟုဆို
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းရှိ နတ်ချောင်းရွာနှင့် ချောင်းရွာရွာမှ နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ရာ အိမ်ခြေ ၆၀ ကျော်ကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူလူထုပိုင် ပစ္စည်းများကို ခိုးယူသယ်ဆောင်သွားကြောင်း နတ်ချောင်းဒေသခံတစ်ဦးက ပြောသည်။

“ဟိုတစ်နေ့က မီးရှို့တာ အိမ်ခြေ ၆၁အိမ်လောက်ပါသွားတယ်။ ချောင်းခွနဲ့ နတ်ချောင်းပေါ့။ နတ်ချောင်းက အများစုပေါ့။ နောက်ပြီးတော့ အိမ်တွေလည်း အကုန်လုံးဖောက်သွားတယ်။ ဖောက်ပြီးတော့ ပစ္စည်းတွေဘာတွေမွှေပြီးတော့ သူတို့လိုချင်တာ တွေယူသွားတယ် ကျွန်တော်တို့ အိမ်တွေအပါအဝင်ပေါ့” ဟု ဒေသခံက ပြောသည်။



အကြမ်းဖက်စစ်ကောင်စီတပ်သည် ၂၀၂၁ ဒီဇင်ဘာလအတွင်းကလည်း နတ်ချောင်းရွာရှိ နေအိမ်များနှင့် ပြည်သူလူထုပိုင် ပစ္စည်းများကို မီးရှို့ ဖျက်ဆီးခဲ့သည်။ ထိုစဉ်က စစ်ကောင်စီတပ် သတ်ဖြတ်၍ ပြည်သူလူထု ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။ စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ကျေးရွာနေ ပြည်သူများလည်း ထိုစဉ်ကတည်းက စစ်ဘေးရှောင်နေကြရာ လက်ရှိအချိန်ထိ တောတောင်များ၌ ခက်ခဲစွာနေထိုင်နေကြရသည်။

Public Service Announcement


“လက်ရှိ ရွာအခြေအနေက ဒီနေ့ဆိုရင် တော်တော်များများ ပစ္စည်းတွေ သယ်ကြပို့ကြတာရှိတယ်။ နောက်တစ်ခါ ခုလိုဖြစ်မှာစိုးလို့။ အရင်တုန်းကလည်း သယ်ထားကြတာပဲ။ အခုကျတော့ ဘာမှ မကျန်လောက်အောင်ကို သယ်နေကြပြီ ရွာသူရွာသားတွေက” ဟု ဒေသခံက ပြောသည်။

ပြည်သူလူထုအပေါ် အကြမ်းဖက်နေသည့် စစ်ကောင်စီကို အမြစ်ဖြုတ်ရန် ပြည်သူလူထုများ ပိုမိုပါဝင်ပေးကြရန်လည်း နတ်ချောင်းရွာခံက တိုက်တွန်းသည်။

“တချို့ကျတော့လည်း ကိုယ့်ဆီမှာ မဖြစ်သေးတဲ့အချိန် ကျတော့ ပါဝင်ဖို့ အားနည်းသေးတာပေါ့လေ။ အများဆုံးခံရတာက နယ်ကလူတွေဖြစ်တဲ့အတွက် များများ ပါဝင်ပေးစေချင်တာပေါ့။ အဓိကတော့ ပြည် သူ့ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းပြီးတော့ပေါ့”ဟု နတ်ချောင်းရွာခံက ပြည်သူလူထုများသို့ ပြောသည်။


















































