Connect with us

Hi, what are you looking for?

News

KNU တိုက်ခိုက်သိမ်းပိုက်ပြီး စွန့်ခွာခဲ့သည့်မော်ခီးစခန်း စစ်ကောင်စီတပ် နေရာပြန်ယူ၊ KNU တပ်မဟာ(၆)နယ်မြေ၌ အချိန်မရွေးတိုက်ပွဲဆက်ဖြစ်နိုင်ဟု ဒေသခံပြော

KNU အနေဖြင့်လည်း ဒေသခံ ပြည်သူလူထု၏ ဘ၀ရပ်တည်ရေးကို အနှောက်အယှက်ပေးနေသည့် စစ်ကောင်စီတပ်ကို ရသည့်နည်းဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

(စစ်​ကောင်စီတပ်၏ ​မော်ခီးစခန်းကို KNU ကတိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ ဖျက်ဆီးခဲ့သည်။ ဓါတ်ပုံ-KNU)

စစ်ကူမသွားလိုသည့် စစ်ကောင်စီတပ်အချို့ တိုက်ပွဲတုဖန်တီးနေဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ် မြို့နယ် အတွင်း၌ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြန်လည် ငြိမ်သက်နေ သော်လည်း စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားပါက အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း KNUနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

မတ်လလယ်မှစ၍ ကော့ကရိတ်၊ မြ၀တီ စသည့် မြို့နယ်များ၌ KNU ဦးဆောင် သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ မတ်လ ၂၁ရက်က KNU ဦးဆောင်သည့် ပူးပေါင်းတပ်က မြ၀တီမြို့နယ် ဝေါ်လေမြို့နယ်ခွဲရှိ စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ အဆိုပါတပ်စခန်းမှ လက်နက်ကြီးကျည် နှင့် RPG ကျည် အများအပြား ရရှိခဲ့ပြီး အရာရှိ အပါ၀အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကို ဖမ်းမိခဲ့သည်။

အဆိုပါ မော်ခီးစခန်းကို KNUက တိုက်ခိုက်သိမ်းပိုက်ပြီးလက်နက်နှင့် ခဲယမ်းများ ရယူပြီး စခန်းကို ပြန်လည်စွန့်ခွာခဲ့ရာ စစ်ကောင်စီတပ်များက ယခုရက်ပိုင်းအတွင်း ပြန်လည် ဝင်ရောက်နေရာယူခဲ့သည်။ အဆိုပါ မော်ခီးစခန်းသို့ ဝင်ရောက်နိုင်ရေ မြ၀တီ – ဝေါ်လေ လမ်းအတိုင်း စစ်ကြောင်းထိုးလာရာ KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများခဲ့သည်။

Public Service Announcement

Public Service Announcement

“ပြန်ဝင်နေလိုက်ပြီ ဒါပေမဲ့ တစ်ခုရှိတာက အဲဒီနေရာ အဲဒီဒေသသည် ကျွန်တော်တို့က ထာ၀ရ မသိမ်းဘူး။ လူသိမ်း ပစ္စည်းသိမ်း စခန်း သိမ်းပြီးပြီ။ အဲဒီနေရာ နေပြန်တော့လည်း ကျွန်တော်တို့ KNU ဘက်က နေသွားလည်း အကျိုးမရှိဘူး” ဟု KNUနှင့်နီးစပ်သည့် ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်များ မော်ခီးစခန်းကို ပြန်လာနေသော်လည်း ဒေသတွင်း လွှမ်းမိုးနိုင်မည် မဟုတ်ကြောင်း၊ ယင်းစခန်းကုန်းတွင် ရေ၊ ရိက္ခာ ပြတ်လပ်နိုင်သည့် အခြေအနေ ဖြစ်သကဲ့သို့ အချိန်မရွေး ပြန်လည် တိုက်ခိုက်ခံရနိုင်ကြောင်း ၎င်းက ဆိုသည်။

လတ်တလောတွင် ကော့ကရိတ်မြို့နယ်နှင့် ဆက်စပ်ဒေသများ၊ ကျိုက်ဒုံ၊ အဇင်းဒေသများ၌ စစ်ကောင်စီတပ်က တစ်ဖက်သတ် တိုက်ပွဲ ဖော်ဆောင်မှုများရှိနေကြောင်း ဒေသခံက ပြောသည်။ မော်ခီး၊ လေးကေ့ကော်အပါအဝင် ဒေသတွင်း တိုက်ပွဲများ ပြင်းထန်ပါက စစ်ကူသွားရနိုင်သည့်အခြေအနေတွင် စစ်ကူမလိုက်လို၍ တိုက်ပွဲတု ဖော်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံက ပြောသည်။

“သူတို့တွေက သွားလာလို့ မရဲကြဘူး။ မရဲကြတော့ ဘာတွေလုပ်လဲဆိုတော့ ဒေသခံတပ်တွေက အဇင်းတဝိုက်မှာ ညဆို လက်နက်ကြီးတွေ ထုတာ လုပ်တယ်။ တိုက်ပွဲသဏ္ဍန်ဖန်တီးပြီးလုပ်နေတယ်။ ဒါပေမဲ့ ဒီဘက်က သွားပြီးတော့ ပစ်တာခတ်တာလည်းမရှိဘူး။ သူတို့ဟာသူတို့ တိုက်ပွဲရယ်လို့ ကြေညာလိုက်မယ်ဆိုရင် လာပစ်ပါတယ်ဆိုပြီး သူတို့က စစ်ကူသွားဖို့မလိုဘူးလေ။ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ ပုံစံသူတို့ဘာသာ သူတို့ ဖန်တီးပြီး လုပ်နေကြတယ်” ဟု ဒေသခံက ပြောသည်။

ပြီးခဲ့သည့်အပတ်အတွင်းက တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့သည့် ကော့ကရိတ်မြ၀တီလမ်းတွင် လည်း ယခု ကားများ ဖြတ်သန်းသွားလာမှု ဆက်ရှိနေသည်ဟုဆိုသည်။

“အချိန်မရွေးပြန်ဖြစ်လာနိုင်တယ်ဆိုတာ သတိပေးချင်တယ်။ ဒီလမ်းက တိုက်ပွဲတွေ အနေအထားတစ်ခုနဲ့ ရှိနေမယ်ဆိုရင် စစ်ကောင်စီလှုပ်ရှားတာနဲ့ ရောပြီးတော့ ပါသွားမှာပဲ ။ အခုက ယာဉ်တန်း(စစ်ကောင်စီယာဉ်တန်း) တွေသွားလာတာနဲ့ ချက်ချင်း တုံ့ပြန်ဖို့က အနေအထားရှိနေပြီ။ အခုလောလောဆယ်ဆယ်က ပြည်သူလူထုကို မထိခိုက်စေချင်တဲ့ သဘောရှိမယ်။ သို့သော် လှုပ်ရှားလာရင်တော့ သွားလာမှုတွေ ရှိလာရင်တော့ ရှောင်လွှဲလို့ မရတော့ဘူးလေ”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

လက်ရှိ အခြေအနေ အပေါ်မူတည်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ထုတ်ပြန်ချက်အပေါ် အလေးထား လိုက်နာရန်လိုအပ်သည်ဟု ဆိုသည်။ KNU ကော့ကရိတ်မြို့နယ်က မတ်လ ၂၇ရက်မှစ၍ ကော့ကရိတ်-မြ၀တီလမ်း၊မြ၀တီ – ဝေါ်လေလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် မေတ္တာရပ်ခံစာ ထုတ်ပြန်ထားသည်။

“ တစ်ဖက်က တိုင်းရင်းသားတွေရဲ့ ထုတ်ပြန်ကြေညာစာကိုလည်း အလေးထားဖို့ လိုအပ်တယ်။ ဒါပေမဲ့ ကိုယ့်စားဝတ်နေရေး စီးပွားရေး ကြောင့် ဒါကို အကြောင်းပြပြီး သွားလာမယ်ဆိုရင် ကိုယ့်အသက်အန္တရာယ် လွတ်ကင်းနိုင်ဖို့က အနေအထားက နည်းတယ်လေ။ ရောထွေးပြီး ပါသွားတယ်ဆိုရင် ဒေသခံ လူထုတွေပဲ အားလုံးနစ်နာမှာ စိုးလို့။” ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

KNU အနေဖြင့်လည်း ဒေသခံ ပြည်သူလူထု၏ ဘ၀ရပ်တည်ရေးကို အနှောက်အယှက်ပေးနေသည့် စစ်ကောင်စီတပ်ကို ရသည့်နည်းဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါကော့ကရိတ်မြို့နယ်နှင့် မြ၀တီ မြို့နယ်လေးကေ့ကော် ဒေသသို့ စစ်ကောင်စီတပ်များ ထိုးစစ် ဆင်ဝင်ရောက်လာခြင်း ၊ တိုက်ပွဲများ ဖြစ်ပွားခြင်း၊ စစ်ကောင်စီတပ်ကလက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။