▪️စစ်ကောင်စီလက်ပါးစေ ရဲ ၁၀ဦးထက်မနည်းသေဟု မုံရွာခရိုင် PDF ထုတ်ပြန်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အမှတ်(၂)ရဲစခန်းကို ဝင်တိုက်ရာ စစ်ကောင်စီလက်ပါးစေ ရဲ ၁၀ဦးထက်မနည်းသေဆုံးကြောင်း မုံရွာခရိုင် PDFတပ်ရင်းများက အသိပေးထုတ်ပြန် သည်။
ယနေ့(ဧပြီ ၁၆ ရက်) နံနက် ၁နာရီခွဲခန့်က စ၍ အဆိုပါ ရဲစခန်းကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂) ၊(၃)၊(၄)တို့၏ ပြောက်ကျားကွန်မန်ဒိုတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း (၂)၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ – Monywa The Boys ၊ တပ်ခွဲ (၁) – Monywa Ranger group၊ Truth Army ၊ တပ်ခွဲ (၃) – Northwest Plains Revolutionary Forces -NPRF တို့ပူးပေါင်းကာ ထိရောက်သော ထိုးစစ်ဆင်မှု Mission တစ်ခုကိုအောင်မြင်စွာဆောင် ရွက်ခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုဖြစ်စဥ်တွင် RPG(73 mm) ကို ဦးစွာပစ်သွင်းခဲ့ပြီး လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီတပ်သားများဘက်မှလည်း (၄၀)မမ ဗုံးသီးများ၊လက်နက်ငယ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
“မနက် အစောကတည်းက ပစ်သံတွေက တော်တော်ကို များတယ်။သေတဲ့ရဲတွေရှိတယ်လို့ ကြားရတယ်။အခုလည်း မနက်မိုးလင်းကတည်းက မြို့ထဲမှာညပိုက် စိပ်တိုက် စစ်နေတာ”ဟု မုံရွာမြို့ အမှတ် (၂) ရဲစခန်းအနီး နေသူတစ်ဦးက People’s Springသို့ ပြောသည်။
တိုက်ပွဲအတွင်း RPG နှင့်အတူ ကျည်ဆံ ၅၃၀ ကျော် အသုံးပြုခဲ့ပြီး RPG တိုက်ရိုက်ထိမှန်၍ သေဆုံးသွားသော ရဲနှစ်ဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကူမလာမီ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
“မနေ့ညကနဲ့ ဒီကနေ့မနက်စောစော ဟိုနေရာအုံးခံရ ဒီနေရာပစ်ခံရနဲ့ စကစတွေဟာ နေ့မနားရ ညမနားရနဲ့ လုံးပါးပါးနေကြပါပြီ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့က မုံရွာမြို့အနှံ့ ပေါက်ကွဲမှုများ နေ့ရောညပါဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှလည်း လမ်းမကြီးများနှင့် ရပ်ကွက်လမ်းကြားများပါမကျန် အစစ်အဆေးပြုလုပ်ခြင်း၊ကင်းပုန်းဝပ်ခြင်းများပြုလုပ်နေကြောင်း၊ ထို့အပြင် ဆိုင်ကယ်တစ်စီးတည်း နှစ်ယောက်စီးလာသော ပြည်သူများကိုလည်း ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ရေးသားထားသည်။


















































