အကြမ်းဖက်စစ်ကောင်စီက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်နှစ်ဦးကို ကားဖြင့်တိုက်၍ အဓမ္မဖမ်းဆီးမှုအပေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO)နှင့် အပြည်ပြည်ဆိုင် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ITUC)နှင့် အခြားသော အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တို့မှ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CUTM)က ယမန်နေ့ (ဧပြီ ၂၀)ရက်စွဲဖြင့် ထုတ်ပြန် သည်။

ယမန်နေ့ (ဧပြီ ၂၀) ညနေပိုင်း၌ တောင်ဥက္ကလာပမြို့နယ် (၃၁)ဂိတ်အနီး သံသုမာလမ်းပေါ်တွင် “အဓမ္မဘက်က ယုတ်မာနေပြီ၊ ဓမ္မသားတွေပြတ်သားကြလော့” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြသည့် လူငယ်အချို့ကို အကြမ်းဖက် စစ်ကောင်စီဝင်များက စစ်ကားဖြင့် ဝင်တိုက်၍ ဖမ်းဆီးခဲ့သည်။
ထို့သို့ ဖမ်းဆီးမှုကြောင့် CUTM အဖွဲ့ဝင်နှစ်ဦး ဖြစ်သည့် ဒေါ်ခိုင်သဥ္ဇာအေး (ခ) ဘုတ်ဘုတ်နှင့် ဒေါ်အိဖြူဖြူမြင့် တို့ အပါအဝင် လူငယ်သုံးဦးမှာ စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခြင်းကိုခံခဲ့ရသည်။
ဖမ်းဆီးခံ ဒေါ်ခိုင်သဉ္ဇာအေး (ခ) ဘုတ်ဘုတ်သည် (CTUM – ဌာနမှူး၊ ဆက်သွယ်ရေးဌာန) နှင့် ဒေါ်အိဖြူဖြူမြင့်သည် (အဖွဲ့ဝင် – ယခင် Myanmar Guotai Huasheng Glory Fashion အထည်ချုပ်စက်ရုံ အခြေခံ အလုပ်သမားသမဂ္ဂ၊ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် – IWFM) တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement
ယင်းကဲ့သို့ အကြမ်းဖက် စစ်အုပ်စုက လူငယ်များ၏ သပိတ်စစ်ကြောင်းကို မတရားကားဖြင့်တိုက် ဖမ်းဆီးခြင်းအပေါ် CUTM အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုံချကြောင်းလည်း ထုတ်ပြန်သည်။


















































