မတူပီမြို့သို့ စစ်အင်အားပို့ပြီး ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းကို မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
“မတူပီကို ကျောက်ထုကနေတပ်အင်အားဖြည့်တဲ့ယာဉ်တန်းက ဒီမနက်ကို မတူပီကနေ ဆင်းသွားတယ်။ ဆင်းသွားပြီးတော့ မတူပီကနေ ၈မိုင်အကွာ လမ်းမှာ မတူပီ CDFက တိုက်ခိုက်မှု ဖြစ်ပွားတယ်။ အထိအခိုက်က စစ်ကောင်စီဘက်က ကျဆုံးအတည်ပြုက ရှစ်ဦးပေါ့။ ဒဏ်ရာကတော့ အများအပြားရှိတယ်” ဟု ၎င်းက ဆိုသည်။
မတူပီမှ မင်းတပ်မြို့သို့ စစ်ယာဉ်တန်း ပြန်ဆင်းရာတွင် ပထမဆုံးထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းပဒေသာဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ၎င်း၏ Ha Om အမည်ရှိ Facebook တွင် တိုက်ပွဲသတင်း ဖော်ပြထားရာ ဧပြီ ၂၇ရက် ညနေ ၄နာရီခွဲ ခန့်တွင် မတူပီ – မင်းတပ်လမ်း မိုင်တိုင် (၉၁)နှင့် (၉၀) ကြား၌ မတူပီ CDF နှင့် စစ်ကောင်စီတပ်တို့ ထိတွေမှုဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement
အဆိုပါ တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိထားကြောင်း၊ စစ်ကော်စီတပ်သည် ချန်းပြန်းရွာဟောင်း၌ ညအိပ်သည်ဟု မတူပီ CDF တပ်ရင်း(၁)က သတင်းပေးပို့လာကြောင်း ဆလိုင်ဟာအွမ်က ဆိုသည်။
မင်းတပ် CDF နှင့် မတူပီ CDFသည် မဟာမိတ် ဖွဲ့စည်းထားပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။


















































