စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၁၂ဖွဲ့ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ကျော် သေဆုံးနိုင်ကြောင်း မြောင်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့(MSPDF)က သတင်းထုတ်ပြန်သည်။
မေလ ၂ ရက် နံနက် ၇နာရီမိနစ်၄၀ဝန်းကျင်က မြောင်မြို့နယ်၊ ကျေးရွာတစ်ရွာမှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီအင်အား ၁၀၀ခန့်သည် တောလမ်းတစ်နေရာအရောက်တွင် မဟာမိတ်ညီနောင်အင်အားစု ၁၂ ဖွဲ့၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

နံနက် ၁၀နာရီ ၄၅မိနစ်ဝန်းကျင်အထိ ၃နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး RPG သုံးလုံး၊ လက်လုပ်(၆၀)မမ အလုံး ၂၀၊ (၄၀) မမ ဗုံးသီး ရှစ်လုံး၊ အီနာဂါဗုံးသီး သုံးလုံး၊ လက်နက်ငယ်ကျည် စုစုပေါင်း ၃,၀၀၀ ကျော်ခန့် အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု မြောင်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့(MSPDF)က ဆိုသည်။
(၄၀) မမ ဗုံးသီး ငါးလုံးဖြင့် စတင်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၀ဦးခန့်ကျဆုံးခဲ့သည်။ လက်နက်ကြီးပစ်ကူသမားများ ရောက်ရှိလာပြီး RPG သုံးချက်ပစ်ခတ်ရာ နှစ်ချက်ထိမှန်ပြီး အကြမ်းဖက်စစ်သား ရှစ်ဦးခန့် ကျဆုံးခဲ့သည်။ တာဝေးပစ်လက်နက်များ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နောက်ထပ် ၁၀ ဦးခန့် လဲကျသွားခဲ့သည်ဟု MSPDFက ဆိုသည်။

Public Service Announcement
ထိုနေ့ကတိုက်ပွဲတွင် အကြမ်းဖက်စစ်သား စုစုပေါင်း ၂၈ ဦးခန့်သေဆုံးနိုင်ပြီး သေဆုံးအရေ အတွက်တိုးလာနိုင်ဟု MSPDFက ခန့်မှန်းသည်။
ထိုတိုက်ပွဲအား မြောင်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့(MSPDF)၊ Chaung U People Defence Force၊ Burmese Guerilla Force BGF၊ Natogyi Regional PDF၊ မြင်းခြံခရိုင် တပ်ရင်း ၁နှင့် ၃၊ မြောင် TGR ပြည်သူ့ကာကွယ်ရေးတပ်၊ Myaung CDSOM၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂- တပ်ခွဲ ၃၊ 11 Brother Revolution Force၊ PDF Taloke၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ စသည့် ၁၂ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းနှင့်နီးစပ်ရာနယ်များမှ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက မကြာခဏ ခုခံတိုက်ခိုက်နေကြသည်။


















































