ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူ တစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။
ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာအုပ်စု နရွဲပင်ကျေးရွာထဲကို စစ်ကောင်စီရဲ့ ခမရ(၃၅၁)၊ ခမရ(၄၃၉)၊ ခလရ(၆၀)တပ်နဲ့ ပျူစောထီး ပြည်သူ့စစ်တို့ပူးပေါင်းတပ်တွေက မနေ့မေလ ၂၀ ရက် နေ့လည် ၁၁ နာရီကျော်ကနေ စပြီး သုံးနာရီကြာ လက်နက်ကြီး လနက်ငယ် စက်သေနတ်ပေါင်းစုံနဲ့ ပစ်ချခဲ့တာပါ။


သုံးနာရီကြာ အဆက်မပြတ် ပစ်ခတ်ပြီးနောက်ပိုင်း နာရီဝက်ခြားတစ်ကြိမ် ည ၂ နာရီအထိ ပစ်ခတ်ခဲ့တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

ဒီလို စစ်ကောင်စီ ပျူစောထီး ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်(၁၆)နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက်(၃၈)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကလေးဖြစ်သူမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

ဒါ့အပြင် ရွာသားတွေရဲ့ ဆိတ်နှစ်ကောင်နဲ့ နွားတစ်ကောင် ထိခိုက်သေဆုံးခဲ့ရပြီး နရွဲပင်ကျေးရွာ ညောင်တန်းကျေးရွာနဲ့ ကြို့ကုန်းကျေးရွာက လူဦးရေစုစုပေါင်း (၁၁၁၀) ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။


















































