Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်များလာမည့်လမ်းတွင် ထောင်ထားသောမိုင်းမှ ဝါယာကြိုးဆွဲမိ၍ ပြည်သူနှစ်ဦး မိုင်းထိမှန်သေဆုံးမှုအပေါ် အင်းတော်တော်လှန်ရေးအင်အားစု တောင်းပန်

မိုင်းထိမှန်ပြီး သေဆုံးသွားခဲ့သောပြည်သူနှစ်ဦးမှာ အင်းတော်နယ်၊ နန့်ကင်ရွာမှ အသက် ၅၀ ကျော်အရွယ်အမျိုးသားနှစ်ဦးဖြစ်ပြီး နောက်နောင်ပြည်သူများ အထိအခိုက်အနည်းဆုံးဖြစ်အောင် ယခုထက်ပို၍ ဂရုစိုက်လုပ်ဆောင်သွားမည်ဟု IR Team က အသိပေးသည်။

(စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်များလာမည့်လမ်း၌ ထောင်ထားသောမိုင်းမှ ဝါယာကြိုးသွားဆွဲမိပြီး ပြည်သူနှစ်ဦး မိုင်းထိမှန်သေဆုံးသွားသည့်အပေါ် အနူးအညွတ်တောင်းပန်ကြောင်း အင်းတော်တော်လှန်ရေးအင်အားစု(IR)က ယနေ့(ဇူလိုင် ၃)ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၂)နေ့လယ် ၂ နာရီခန့်က စစ်ကောင်စီတပ်များသွားလာနေသည့်လမ်းတွင်
ပြည်သူ့ကာကွယ်ရေးတပ်များ ဆင်ထားသည့်မိုင်းမှ ဝါယာကြိုးစအား နွားဆွဲလာသောပြည်သူတစ်ဦးက မြင်တွေ့ပြီးသွားဆွဲမိရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ထို့ကြောင့် ဝါယာကြိုးအားဆွဲလိုက်သည့် ပြည်သူတစ်ဦးနှင့် ၎င်းနှင့်မလှမ်းမကမ်းတဲပေါ်တွင်ရှိနေသော ပြည်သူတစ်ဦးအပါအဝင် နှစ်ဦးမိုင်းထိမှန်သေဆုံးခဲ့သည်ဟု ဖော်ပြသည်။

“ကျွန်တော်တို့က ခွေးလမ်းကြောင်းမှာ ထောင်ထားတာပေါ့နော်။ သူတို့တွေသွားလာနေတဲ့ လမ်းမှာ မိုင်းထောင်ထားတာပေါ့။ အဲဒါကိုပြည်သူနှစ်ယောက်က ပေါ်နေတဲ့ဝါယာကြိုးကို သွားဆွဲမိတော့ ပေါက်ကွဲမှုဖြစ်သွားတာ။ ဒါက မတော်တဆဖြစ်တာဖြစ်တဲ့အတွက် ကျန်ရစ်သူမိသားစုတွေကို ကျွန်တော်တို့ တောင်းပန်ထားပါတယ်”ဟု IR Team မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိုသို့ မိုင်းမတော်တဆမှုကြောင့် အသက်ဆုံးပါးခဲ့ရသော ပြည်သူနှစ်ဦး၏ ကျန်ရစ်သူမိသားစုထံ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့မှ ကိုယ်တိုင်သွားရောက်တောင်းပန်သည့်အပြင် တော်လှန်ရေးအဖွဲ့အစည်းအနေဖြင့်လည်း တောင်းပန်စာထုတ်ပြန်ထားသည်ဟု ၎င်းက ဆက်ပြောသည်။

မိုင်းထိမှန်ပြီး သေဆုံးသွားခဲ့သောပြည်သူနှစ်ဦးမှာ အင်းတော်နယ်၊ နန့်ကင်ရွာမှ အသက် ၅၀ ကျော်အရွယ်အမျိုးသားနှစ်ဦးဖြစ်ပြီး နောက်နောင်ပြည်သူများ အထိအခိုက်အနည်းဆုံးဖြစ်အောင် ယခုထက်ပို၍ ဂရုစိုက်လုပ်ဆောင်သွားမည်ဟု IR Team က အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် အောင်းကုန်း၊ နန့်သာ၊ ပေပင်၊ နန့်ကင်ရွာနှင့် အခြားအနီးနားရှိရွာများသို့ အမြဲစစ်ကြောင်းထိုးသွားလာနေပြီး လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ပြည်သူများအနေနှင့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များတွေ့ခဲ့လျှင် တော်လှန်ရေးအင်အားစုများထံ အကြောင်းကြားပေးရန် ဖော်ပြသည်။

ထို့အပြင် ဝါယာကြိုးအပိုင်းအစများနှင့် Mine ဟုယူဆရသောအရာများ တွေ့ခဲ့လျှင်လည်း မကိုင်တွယ်ကြရန်နှင့် ပြည်သူများသတိထားကြရန် IR Team က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အနောက်ခြမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အပါအဝင် PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က အကျဆုံးများကာ အရာရှိတွေလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။