စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းလာရှာသည့် ညောင်ပင်ဝန်းရဲစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးအား ရှင်းလင်းခဲ့ကြောင်း Moe Nyo Revolution Force-MNRF အဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့ (သြဂုတ် ၂၁ရက်) မွန်းလွဲ ၂ နာရီခန့်က ညောင်ပင်ဝန်းရဲစခန်းမှ အရပ်ဝတ်ဖြင့် မိုင်းရှာဖွေရန် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား မြင်းမူမြို့နယ်၊ နဘဲကြူးဇရပ်အနီးတွင် ရှင်းလင်းခဲ့ကြောင်း MNRFအဖွဲ့က အသိပေးသည်။
အဆိုပါ စစ်အုပ်စုဝင်ကြောင့် PDFအဖွဲ့ လုပ်ငန်းဆောင်ရွက်ထားသော ပစ္စည်းတန်ဖိုးကျပ် ၂၅သိန်းကျော် ဆုံးရှုံးခဲ့ရသည်ဟု MNRFက ဆိုသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး MNRFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Public Service Announcement
အဆိုပါ စစ်ဆင်ရေးကို Moe Nyo Revolution Forceနှင့် ငါးထောင့်ကြယ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။
မုံရွာ – မန္တလေးလမ်းမကြီးဘေးရှိ ညောင်ပင်ဝန်းရဲစခန်းသည် ပြည်သူများအား ဖမ်းဆီးနှိပ်ငွေညှစ်မှုများ မကြာခဏပြုလုပ်နေပြီး မကြာခဏလည်း တိုက်ခိုက်ခံရဖူးသည်။
Moe Nyo Revolution Forceအဖွဲ့သည် မုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ်လမ်းပိုင်းများတွင် အကြမ်းဖက်စစ်တပ်အား မကြာခဏ ခုခံတိုက်ခိုက်လျက်ရှိသည်။


















































