စစ်ကောင်စီတပ်ကားဖြစ်နေ၍ ကားကိုမီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် ပြည်သူတစ်ဦးအား တိုက်ပြေးသည့်ယာဥ်အား ဒေသတွင်းအဖွဲ့များက လိုက်လံဖမ်းဆီးရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ကားဖြစ်နေပြီး လူလွတ် ထွက်ပြေးသွားသောကြောင့် ကားအား မီးရှို့ဖျက် ဆီးခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့များက ထုတ်ပြန်သည်။
သြဂုတ် ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က မုံရွာ – အရာတော်လမ်းပေါ်တွင် အရာတော်မှ မုံရွာမြို့သို့ မောင်းနင်လာသော YGN 3F 3240 ကားသည် ယာဥ်မဆင်မခြင် မောင်းနှင်ကာ ကမ်းပြူရွာမှ အသက် (၄၀)ဝန်းကျင် မိန်းမသားတစ်ဦးအား ဝင် တိုက်သွားခဲ့သည်။

အဆိုပါ ကားမှာ ပြန်လှည့်မကြည့်ရှုဘဲ မောင်းနှင် ထွက်ပြေးသွားသောကြောင့် ပြည်သူများက မြို့နယ် ကာကွယ်ရေးတပ်ပေါင်းစုအား အကြောင်းကြားလာ၍ ကာကွယ်ရေးအဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကားအား ဝါးတန်းကျေးရွာနှင့် ထူးရွာ ရသေ့ကျောင်းအနီးတွင် မီလာခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် မောင်းနှင်လာသောကားဖြစ်နေသည်ကို တွေ့ရကြောင်း၊ အဆိုပါ ကားပေါ်ပါလာသူနှင့် ကာကွယ်ရေးအဖွဲ့ဝင်များ ထိပ်တိုက်အပြန်အလှန် ပစ်ခတ်မှုများရှိကာ ကာကွယ်ရေးတပ်ဖွဲ့မှ ပါလာသော လက်နက်များ မလုံလောက်၍ မတိုးသာခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့များက ပြောသည်။

Public Service Announcement
ထိုအချိန် စစ်ကောင်စီအဖွဲ့ဝင် စီးလာသောကားသည် နေရာတစ်နေရာတွင် ရပ်တန့်သွားခဲ့ပြီး ကားပေါ်ပါ စစ်ကောင်စီတပ်သားများသည် လမ်းသွားလမ်းလာကားကို သေနက်ထောက် ရပ်ခိုင်းကာ လိုက်ပါသွားကြောင်း ညီနောင်မဟာမိတ်အဖွဲ့များက အသိပေးသည်။
ထို့နောက် ကျန်ခဲ့သော ကားပေါ်ပါပစ္စည်းများအား သိမ်းဆည်းရမိရာ ကားကိုမီးရှို့ဖျက်ဆီးလိုက်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့များက ထပ်မံအသိပေးသည်။
ထိုဖြစ်စဥ်အား မိုင်းမင်းသား မြေအောက်ပြောက်ကျားတပ်ဖွဲ့၊ Danger Force LPDF၊ ပတ္တမြား ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းအဖွဲ့များထံမေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ် ၍မရသေးပေ။


















































