ကရင်နီ(ကယား)ပြည်နယ် ဘောလခဲမြို့နှင့်မက်စ လောင်းတောင်အကြားတွင် ယနေ့နံနက်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေ ဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန် သည်။
ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)နှင့် KNDF တပ်တို့မှ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားရာ ဘောလဲခဲမြို့နယ်၊ နန်းဖဲကျေးရွာ အနီးတဝိုက်တွင် နယ်မြေစိုးမိုးနိုင်ရန်အတွက် ဒရုန်းဖြင့်ကင်းထောက်မှုများ၊ လမ်းကင်းချမှုများနှင့် စစ်ကြောင်းထိုးမှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟုလည်း KNDFက ထုတ်ပြန်သည်။
ဘောလခဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီမှ အရပ်သားပြည်သူများကို ဖမ်းဆီးမှုများရှိခဲ့ရာ လက်ရှိအချိန်အထိပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement
ထို့ပြင် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်များ တပ်စွဲထားကြောင်း၊ လျှပ်စစ်တာဝါတိုင် လုံခြုံရေးအကြောင်းပြု၍ ယနေ့မနက်ပိုင်းတွင် အနီးတဝိုက်ရှိ ရွာများဘက်သို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း KNDF ကဆိုသည်။
အဆိုပါဒေသတွင် ဩဂုတ် ၁၂ရက်က စစ်ကောင်စီသုံးသီးသန့်ဓာတ်အားလိုင်းမှ တာဝါတိုင် ၂ခုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးဖြိုချခဲ့ရာ ဩဂုတ် ၁၄ရက်နှင့် ၁၅ရက်များတွင် တိုက်ပွဲများဖြစ်ခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ၎င်းတို့ စစ်ကြောင်းချီရာလမ်းကြောင်းတစ်လျှောက်တွင်ရှိသော ကျေးရွာများမှ ပြည်သူများကိုဖမ်းဆီးလျက်ရှိပြီး ညင်းပမ်းနှိပ်စက်ခြင်း၊ ဓါးစာခံ၊ လူသားဒိုင်အဖြစ် အသုံးပြုခြင်းနှင့်ခြိမ်းခြောက်ခြင်းများပြုလုပ်သည့်အပြင် နေအိမ်များကို ဖောက်ထွင်းဖျက်စီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို အဓ္ဓမသိမ်းပိုက်ခြင်းစသော စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်ဟု လည်း KNDFက ထုတ်ပြန်သည်။


















































