စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွှေဘို – မန္တလေးလမ်းမကြီးပေါ်ရှိ လှတောနှင့် ရွာသာကြီးကျေးရွားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအား သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း ပြည်သူကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်သည်။
ယမန်နေ့ (စက်တင်ဘာ၂၇ ရက်) ည ၁၀နာရီခန့်က ဝက်လက်မြို့နယ်အနောက်ခြမ်း၊ လှတောကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးအဖွဲ့များက တာဝေးပစ်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က လေးဦးသေဆုံးကာ ခုနစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများတွင် စစ်ဗိုလ်တစ်ဦးပါဝင်သည်ဟု ဒေါင်းဧကရာဇ်ပြည်သူကာကွယ်ရေးအဖွဲ့က ဆိုသည်။

အဆိုပါ စစ်ဆင်ရေးအား ဒေါင်းဧကရာဇ်ပြည်သူကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်ပြည်သူကာကွယ်ရေး ၄တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
ယမန်နေ့ညကပင် ရွာသာကြီး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို လက်နက်ကြီးဖြင့်
ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အချိန်အတန်ကြာသည်အထိ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာကို စက်တင်ဘာ ၂၅ ရက်က အကြမ်းဖက်ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားကာ အိမ်ခြေများလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
စက်တင်ဘာလ ၂၅ ရက်ကလည်း ရွာသာကြီးရှိ စစ်ကောင်စီတပ်ကို Adventure လူငယ် Drone တပ်ဖွဲ့နှင့် နယ်မြေခံ (ပကဖ)များပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံး သုံးကြိမ်ချ တိုက်ခိုက်ခဲ့သေးသည်။


















































