ယူကရိန်းနှင့် အီရန်နိုင်ငံသားများအပါအဝင် ရာနှင့်ချီ တက်ရာက်
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ Time Square တွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာကျောင်းသားသပိတ်ကို Global Myanmar Spring Revolution ၏ အစီအစဉ်များအတိုင်း NYCBC အဖွဲ့ မှ ဦးဆောင်၍ ယနေ့ (အောက်တိုဘာ ၃၀) ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားသို့ အမေရိကန်နိုင်ငံရောက် မြန်မာများနှင့်အတူ ယူကရိန်းနှင့်အီရန် နိုင်ငံတို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှလည်း လာရောက်ပူးပေါင်း ပါဝင်အင်အားဖြည့်ခဲ့ကြသည်။
အဆိုပါ ကမ္ဘာလုံးဆိုင်ရာကျောင်းသားသပိတ်သို့ အမေရိကန်ရှိ တက္ကသိုလ်ကောလိပ်များတွင် လက်ရှိတက်ရောက် ပညာသင်ကြားနေကြသော Generation Z များ တက်ရောက်ကာ မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ် နေသော မြန်မာကျောင်းသားများ ပညာသင်ကြားရင်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အသတ်ခံရမှု၊ ဖမ်းဆီးနှိပ်စက်ခံရမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း GMSR က ဖော်ပြခဲ့သည်။
နယူးယောက်ရှိ ယူကရိန်းအရေးလှုပ်ရှားသူ ( Arthur Zgurov) ယူကရိန်းစစ်သားဟောင်းများဖြစ်ကြသော Anton and Victor ၊ အီရန်အရေးလှုပ်ရှားသူ (Masih Alinejad နှင့် Sepideh Moafi ) Ethiopia ကျောင်းသူ Saba Desta တို့လည်း မြန်မာကျောင်းသားများနှင့် တသားထဲရပ်တည်ကြောင်း၊ မြန်မာ့နွေဦးတော်လှန်ရေးနှင့် အတူ ရပ်တည်ကြောင်းတို့ကို တက်ရောက်ပြောကြားခဲ့ကြောင်း GMSR က ဆိုသည်။
ထို့အပြင် ယင်းအခမ်းအနား၌ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကျင်းပခဲ့သည့် ဂီတဖျော်ဖြေပွဲကို စစ်တပ်က လူမဆန်စွာဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကြွေလွင့်ခဲ့ကြသော အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းဆုတောင်းပွဲ အစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။
ထို့နောက် လက်ယက်ကုန်းကျေးရွာတွင်လည်း စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကြွေလွင့်ခဲ့ရသည့် အပြစ်မဲ့ကျောင်သားကလေးငယ် များ အတွက်လည်း ဝမ်းနည်းဆုတောင်းစကားများ၊ ကဗျာရွတ်အစီစဉ်များ ထည့်သွင်းကျင်းပကာ ကြွေးကြော်သံများဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
နယူးယောက်စံတော်ချိန် နေ့လည် ၃ နာရီမှ ညနေ ၅ နာရီအထိ Time Square တွင် ပြုလုပ်ခဲ့သည်။