▪︎မြန်မာ့အရေးကို ၂၀၀၈ ခြေဥသုံးပြီးဖြေရှင်းတဲ့ ချဉ်းကပ်မှုမျိုး မဖြစ်ဖို့လိုတယ်လို့ အာဆီယံခေါင်းဆောင်တွေကို NUCC တိုက်တွန်း
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ ချဉ်းကပ်မှု အသစ်တွေ ပြုလုပ်ရာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ပါ အချက်များကို ကျော်လွန် စဉ်းစားဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က အာဆီယံခေါင်းဆောင်များထံ အိတ်ဖွင့်ပေးစာပေးပို့လိုက်ပါတယ်။ မနေ့က ပေးပို့ခဲ့တဲ့ အဲဒီအိတ်ဖွင့်ပေးစာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထု တစ်ရပ်လုံးမှ လုံး၀ ဖျက်သိမ်းပြီး ဖြစ်လို့ အဲဒီ အခြေခံဥပဒေကို အသုံးပြုပြီး ဖြေရှင်းတဲ့ ချဉ်းကပ်မှုမျိုး မဖြစ်ဖို့ လိုအပ်တယ်လို့ ဖော်ပြတိုက်တွန်းပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ မတရားအာဏာသိမ်းယူထားတဲ့ နိုင်ငံတော် ပုန်ကန်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ထားသူတွေ ဖြစ်ပြီး အနာဂတ် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်မှု လုံး၀မရှိစေရေးမူကို အခြေခံသော ချဉ်းကပ်မှုမျိုး ဖြစ်ဖို့ လိုအပ်တယ်လို့ ဆက်လက်ဖော်ပြပါတယ်။ အာဆီယံဟာ မြန်မာပြည်သူလူထုရဲ့ လိုလားချက်နဲ့ စံတန်ဖိုးများကို အလေးထားဖို့ နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်တဲ့ အခြေခံ ချဉ်းကပ်မှုမျိုးဖြစ်ဖို့ လိုအပ်တယ်လို့လည်း NUCC က တိုက်တွန်းထားပါ တယ်။ နောက်ပြီး အာဆီယံဟာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ NUCC၊ NUG၊ CRPH တို့အား မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် တရားဝင်ဆက်ဆံဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။

▪︎စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဟု KNDF ပြော
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၅က ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက သေးဆူးလဲရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကြောင်း အတည်ပြုနိုင်ပြီး KNDF ရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။ မနေ့ညပိုင်းမှာတော့ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဖယ်ခုံမြို့နယ် လအိကျေးရွာကို ကျရောက်ခဲ့ပြီး ဒေသခံပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အချို့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဖယ်ခုံမြို့ အခြေစိုက် ခမရ(၃၃၆)က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူများအနေနဲ့ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ နေထိုင်ဖို့ မိုးဗြဲ PDF တပ်ရင်း -၂ က မနေ့ညပိုင်းက အရေးပေါ် သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

▪︎ရခိုင်မှာ AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်
ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် အမ်းမြို့နယ် ၊ မင်းပြားမြို့နယ်၊ မောင်တောမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တွေမှာ AA နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ AAကလည်း ထုတ်ပြန်ထားပါတယ်။ အမ်းမှာ ဒီနေ့အထိ သုံးရက်ဆက် လက်နက်ကြီးပစ်ခတ်မှုတွေရှိနေပြီး ထိတွေ့တိုက်ပွဲတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဆားပြင်းကြီး ရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာသည်ယာဉ် နှစ်စီးကို AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်စီးထိခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာန Border News Agency က ဖော်ပြပါတယ်။ အဲဒီတိုက်ခိုက်မှုအပြီး စစ်ကေငာ်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

▪︎ခလရ( ၄၂၄) မှဒုတပ်ကြပ်တစ်ဦး အလင်းဝင်ပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်
ရှမ်းပြည်နယ် နမ့်ခမ်းမှာ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦး လက်ပစ်ဗုံးခြောက်လုံးနဲ့ ကျည်ဆန်များယူဆောင်လာကာ စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ကာ စစ်ကောင်စီတပ်ကို ပြန်လည်ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ မူဆယ်ခရိုင်၊ နမ့်ခမ်းအခြေစိုက် စကခ(၇)လက်အောက်ခံ ခမရ(၄၂၄)တပ်စခန်းမှ ဒုတပ်ကြပ် စိုးထိုက်ဟာ စစ်အာဏာရှင် လက်အောက်မှာ တာဝန်ထမ်းဆောင်စိတ်လုံးဝ မရှိတော့လို့ ပြည်သူတွေနဲ့ လက်တွဲပူပေါင်းလာခဲ့တယ်လို့ ရှမ်းမြောက် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့(PSDA)က သတင်းထုတ်ပြန်ထားပါတယ်။ ဒုတပ်ကြပ် စိုးထိုက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်မှာလာရောက်ပူးပေါင်းခြင်းဖြစ်ပေမယ့် PSDA က မနေ့ကမှ သတင်းထုတ်ပြန်ခဲ့တာပါ။
▪︎ကြာအင်းဆိပ်ကြီးမှာ လက်နက်ကြီးစမှန်ပြီး ဒေသခံအမျိုးသမီး ဒဏ်ရာရ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ဒီနေ့ မနက်ပိုင်းက ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဝင်းရော်ဒေသ တံခွန်တိုင်ရဲစခန်းမှာ ခြေကုပ်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ အင်အားတချို့ဟာ တံခွန်တိုင်ကားဂိတ်နဲ့ တံခွန်တိုင်ရွာအရှေ့ဘက်သို့ မြေပြင်လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရာဘာခြံလုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးအစ ထိမှန်ခဲ့ပြီး ဒဏ်ရာရကတော့ စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ဘူးလို့ ဝင်းရော်ဒေသ နွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်တွေက သတင်းထုတ်ပြန်ထားပါတယ်။
▪︎ဟန်လင်းပျူမြို့ဟောင်းမှ စစ်ဘေးရှောင် မိန်းကလေးငယ်တစ်ဦး မြွေကိုက်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ဘေးရှောင် (၈)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မြွေကိုက်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်ညပိုင်းက ဝက်လက်မြို့နယ်တစ်နေရာမှာ စစ်ဘေးရှောင်နေတဲ့ ဟန်လင်းမြို့ဟောင်း၊ ထနောင်းကုန်းရပ်ကွက်မှ (၈)နှစ် မိန်းကလေးငယ်မှာ ဘက်ဘက်လက်ညှိုး မြွေပွေးကိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ ဝက်လက်နယ်တင်မကဘဲ ကန့်ဘလူမြို့နယ်မှာလည်း စစ်ဘေးရှောင်များ မကြာခဏမြွေကိုက်ခံရကာ လူသေဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။ စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်အတွင်းရှိ ဟန်လင်းပျူမြို့ဟောင်းအပါအဝင် ကျေးရွာတွေကို ပြီးခဲ့တဲ့လကတည်းက စစ်ကြောင်းထိုးဖျက်ဆီးနေတာကြောင့် ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
▪︎တနင်္သာရီမှာ စစ်ကောင်စီတပ်နဲ့ PDF တွေ အကြားတိုက်ပွဲပြင်းထန် ၊ စစ်သား၁၅ ဦးသေပြီး ၁၀ ဦးဒဏ်ရာရ၊ PDFတစ်ဦးကျ
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အကြား နိုဝင်ဘာ ၈ရက်က တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား၁၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) တာဝန်ရှိသူက ပြောပါတယ်။ ပုလောမြို့နယ်၊ ကဒဲရွာရွာ၊စက်တော်ရာရွာနဲ့ သင်္ကန်းတောရွာတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ကဒဲကျေးရွာအနီးမှာ စစ်ကောင်စီတပ်ကို PDF၊ မြိတ်ခရိုင်တပ်ရင်း(၁)၊ မဟာမိတ်တပ်ပေါင်းစုတို့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မြိတ်မြို့မှ ပုလောမြို့သို့တက်လာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းကိုလည်း စက်တော်ရာအနီးမှာ မဟာမိတ်တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ညပိုင်းမှာလည်း သင်္ကန်းတောရွာမှ ပုလောမြို့သို့ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မဟာမိတ်ပူးပေါင်းအဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရပြီး PDFမြိတ်ခရိုင်၊တပ်ရင်း(၁)မှ ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
▪︎တန့်ဆည်နယ် ပဲခင်းကြီးရွာအနီး တိုက်ပွဲဖြစ်
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပဲခင်းကြီးကျေးရွာအနီးတွင် ဒီနေ့မနက်ပိုင်းက တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများရှိတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။ တန့်ဆည်မြို့နယ်၊ ပဲခင်းကြီးရွာနဲ့ တောင်ပို့ရင်းတံတားကြားမှာ စစ်ကောင်စီတပ်နဲ့ တန့်ဆည် PDFတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှုများရှိကြောင်းနဲ့ ပြည်သူ့ရဲဘော်တစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့တာဝန်ခံက ပြောပါတယ်။ အဲဒီစစ်ကောင်စီတပ်သားတွေဟာ ကံထူးမမှာ တပ်စွဲနေပြီး အထပ်မြင့်တိုက်တွေမှာ နေရာယူထားပြီး ကံထူးမရှိ နေအိမ်များသို့ ဝင်ရောက်ကာ ပစ္စည်းများနဲ့ ဆေးဝါးများ အဓမ္မယူဆောင်နေကြတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
▪︎အရာတော်နယ် သလဲဘာနဲ့ စပါးတွင်းရွာရှိ စစ်အုပ်စုစခန်းကို တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာရွာနဲ့ စပါးတွင်းကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ မြင်းမြူရှင်ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။ နိုဝင်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်ညက စစ်ကောင်စီတပ်နဲ့ ပျူစခန်းကို လက်နက်ကြီး အချက်ရေ ၂၀ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ သလဲဘာကျေးရွာမှာ ပျူများ ကြာဇံဟင်းတိုက်နေစဥ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်လိုက်ရာ ကြာဇံဒယ်အိုးအနီးမှာ လက်နက်ကြီး နှစ်လုံးကျကာ အများအပြား ထိခိုက်ခဲ့တယ်လို့ မြင်းဖြူရှင်ပျောက်ကြားအဖွဲ့တာဝန်ခံက ပြောပါတယ်။ အဲဒီ စစ်ဆင်ရေးကို မြင်းဖြူရှင်ပြောက်ကျားအဖွဲ့ ၁၊၂၊၃၊၄၊၅ နဲ့ ဇာမဏီပြောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။


















































