အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်မှုများရပ်တန့်နိုင်ရန် ဆောင်ရွက်နိုင်ရေးဆွေးနွေး
ဗြိတိန်နိုင်ငံခြားဝန်ကြီး James Cleveryသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ယမန်နေ့ (ဖေဖော်ဝါရီ ၆ ရက်)တွင် လန်ဒန်မြို့၌ လက်ခံတွေ့ဆုံသည်။
နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံစဥ် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်မှုများရပ်တန့်နိုင်ရန် ဆောင်ရွက်နိုင်ရေး၊ လူနည်းစုလူမျိုးများအရေးနှင့် အခြားသော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

အထက်ပါတွေ့ဆုံမှုသည် စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများ၊ ပြင်းထန်ဆိုးရွားသော လူ့အခွင့် အရေးချိုးဖောက်မှုများကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုများ အကြိမ်ကြိမ်လုပ်ဆောင်ထားသော အနောက် အင်အားကြီးနိုင်ငံများအနက် နိုင်ငံခြားရေးဝန်ကြီးအဆင့်ရှိသူက NUG နိုင်ငံခြားရေးဝန်ကြီးကို ပထမဆုံးလူသိရှင်ကြား လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုသို့တွေ့ဆုံစဥ်တွင် နှစ်နိုင်ငံ၏ အလံများကို နောက်ခံထားရှိသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကတည်းက လန်ဒန်သို့ရောက်ရှိနေသော ဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေခရီးစဥ်အတွင်း အခြားသော သက်ဆိုင်ရာတာဝန်ရှိသူများနှင့်လည်း ဆက်လက် တွေ့ဆုံ၍ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရသည်။

Public Service Announcement

ဝန်ကြီး ဒေါ်ဇင်မာအောင်သည် Labour Party မှ လွှတ်တော်အမတ်၊ All Party Parliamentary Group on Burma အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ Rushanara Ali နှင့် ယမန်နေ့တွင် တွေ့ဆုံခဲ့ပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ မြန်မာ့နွေဦးတော်လှန်ရေး ဗြိတိန်ပါလီမန်မှ ပိုမိုတိုးမြှင့်ထောက်ခံရေး၊ ဒုက္ခသည်ကိစ္စ ၊ လူနည်းစုအခွင့်အရေး အကာအကွယ်ပေးရေး ခေါင်းစဥ်များကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဗြိတိန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ – NUG


















































