လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အား ဂုဏ်ပြုသည်ဆိုကာ ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းတစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့က ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈)နှစ်မြောက် မွေးနေ့၌ ရေစကြိုမြို့ အမှတ်(၄) ဖောင်တော်ဦး ရပ်ကွက်တွင်ရှိသည့် ငြိမ်းဇာနည်တပ်စခန်းကို ညနေ ၅ နာရီက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း MBT တပ်ဖွဲ့က ပြောသည်။
“စခန်းသိမ်းဖို့ သွားခဲ့တာပါ။ ကျည်အင်အား နည်းပါးတာရယ်၊ ရန်သူ့တပ်ကူ လာတာ မြန်လို့ရယ် မသိမ်းနိုင်ခဲ့ဘူးဗျ”ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့မှ တာဝန်ရှိသူက People’s Spring ကို ပြောသည်။
ငြိမ်းဇာနည်တပ်စခန်း ဝင်စီးချိန် စခန်းအတွင်း၌ စစ်ကောင်စီတပ်သား အင်အား (၁၅)ခန့်ရှိနေပြီး တိုက်ခိုက်မှုအတွင်း အများစုသေဆုံးကာ စက်လတ်သမားတစ်ဦးသာကျန်ရှိကြောင်း MBT တပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement
စခန်းကိုသိမ်းရန်လုပ်ဆောင်ခဲ့သော်လည်း လွတ်နေသည့်လမ်းကြားတစ်ခုမှ ရန်သူ့တပ်ကူ အင်အား (၁၀၀)ခန့်ရောက်ရှိလာသောကြောင့် အမြန်ပြန်ဆုတ်ပြီး မြစ်ကြောင်းဖြင့်တပ်ဆုတ်လာချိန် ရန်သူ့တပ်က မြစ်ကြောင်းအထိ လိုက်လံပစ်ခတ်သောကြောင့် အပြန်အလှန်ပစ်ခတ်ချိန် ၄၅ မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း MBTတပ်ဖွဲ့က ရှင်းပြသည်။
ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ငြိမ်းဇာနည်တပ်စခန်း စီးနင်းတိုက်ခိုက်မှုတွင် ရန်သူ့တပ်သား (၁၅)ဦးခန့်သေဆုံးနိုင်ပြီး အလောင်းများကို ဖြူစင်ပရဟိတအသင်းကားဖြင့် သုံးခေါက်ခွဲသယ်ယူသွားသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။
အဆိုပါ တပ်စခန်းစီးနင်းမှုကို Myingyan Black Tiger (MBT)မှ ဦးဆောင်ပြီး မုံရွာခရိုင် တပ် ရင်း(၁၂)တပ်ခွဲ(၄)မီးတောက်တပ်ခွဲ ၊ ချောင်းဦးမြို့နယ် (ပလဖ)၊ Banana UG ၊ ခွပ်ဒေါင်းနီပြောက်ကျားတပ်နှင့် VOMDY- front warrior စသည့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၃ ရက် နံနေ့ကကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ ဂုဏ်ပြုသည့်အနေဖြင့် တော်လှန်ရေးအင်အားစုများက ရဟန်းရှင်၊လူ၊ကျောင်းသား၊ပြည်သူများက နိုင်ငံတစ်ဝမ်း ပုံစံမျိုးစုံဖြင့် အထိမ်းအမှတ်ပွဲများပြုလုပ်ခဲ့ကြသည်။


















































