ကလေးမြို့ မြို့မရဲစခန်းမှ ပထမဆုံး CDM ပြုလုပ်ခဲ့သူ ရဲဝန်ထမ်းတစ်ဦးသည် ပြည်သူ့တပ်ဖွဲ့နှင့်အတူ စစ်အာဏာရှင်ကို တော်လှန်ရင်း မင်းကင်းတိုက်ပွဲတစ်ခုတွင် ကျဆုံးသွားကြောင်း ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်သည်။
ကျဆုံးသူ ရဲတပ်သားကိုလှမျိုးထွဋ်သည် ကလေးတက္ကသိုလ်မှဘွဲ့ရရှိပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ၀င်ရောက်ခဲ့ပြီး မုံရွာမြို့လုံခြုံရေးရဲတပ်ရင်းမှ ကလေးမြို့ မြို့မရဲစခန်းသို့ပြောင်းရွေ့တာ၀န်ထမ်းဆောင်ခဲ့ကာ ဖေဖော်ဝါရီလ ၁ ရက်တွင်အကြမ်းဖက်စစ်အုပ်စုမှ မတရားအာဏာသိမ်းယူမှုကြောင့် ကလေးမြို့မရဲစခန်းတွင် ပထမဆုံးCDM ရဲတပ်သားအဖြစ် နွေဦးတော်လှန် ရေးတွင်ပြည်သူများနှင့် အတူရပ်တည်ခဲ့သူတစ်ဦးဖြစ်သည်။

အိန္ဒိယနိုင်ငံမီဇိုရမ်ဒေသတွင်ခေတ္တတိမ်းရှောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းသို့ ဇွန်လအတွင်းတွင်ပြန်လည်ရောက်ရှိလာကာ PDF(kalay)နှင့်အတူ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုကို ပါ၀င်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။
ကိုလှမျိုးထွဋ် သည် မင်းကင်းမြို့၌ စစ်အာဏာကို တော်လှန်ရင်း ကျဆုံးခဲ့ရသည်ဟုသိရှိရပြီး အသေးစိတ်အချက်အလက်များကို စုံစမ်းနေပြီး ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်သည်။

Public Service Announcement

ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်းတစ်ဦးလည်းဖြစ်သူ ကိုလှမျိုးထွဋ်သည် ကလေးတက္ကသိုလ်တွင် သမိုင်းဘာသာရပ်အထူးပြုဖြင့် ပညာဆည်းပူးခဲ့သောကျောင်းသားတစ်ဦးဖြစ်ပြီးကျောင်းသားဘ၀တစ်လျောက်လုံး၌လည်း အဆောင်နေကျောင်းသားထုများ၏ ရပိုင်ခွင့်များနှင့်ပတ်သက်၍ တက်ကြွစွာတောင်းဆို ဆောင်ရွက်ခဲ့သောကျောင်းသားတစ်ဦးဖြစ်သည်။၂၀၁၇ ခုနှစ်တွင် ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသ စတင်တည်ထောင်ချိန်တွင် ဦးဆောင်ပါ၀င်ခဲ့သူဖြစ်ပြီး အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌတာ၀န်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂတွင် ကျောင်းအကျိုး ကျောင်းသားထုအကျိုးအတွက်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တက်ကြွစွာလှုပ်ရှားဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက အသိပေးသည်။
အာဇာနည်ကိုလှမျိုးထွဋ်၏ စွန့်လွှတ်အနစ်နာခံသောစိတ်ဓာတ်နှင့် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပေးဆပ်ခဲ့သည်တို့ကို ကျွန်ုပ်တို့ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်တကွ ကျောင်းသားထုအားလုံးကမှတ်တမ်းတင်၍ ဦးညွတ်အလေးပြုပါကြောင်း၊ကျောင်းသားသမဂ္ဂတွင်ပါ၀င်လှုပ်ရှားခဲ့သည်များကိုလည်းလည်းဘယ်တော့မှ မေ့ပျောက်မည်မဟုတ်ကြောင်း၊ အာဇာနည်ကိုလှမျိုးထွဋ် ကို ကျွနိုပ်တို့ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်ကျောင်းသားထုက ဦးညွှတ်အလေးပြုကြောင်း သတင်းထုတ်ပြန်ခဲ့သည်။


















































