လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့(KMIC)က ယနေ့ ထုတ်ပြန်သည်။
မတ်လ ၁၈ရက်က တနီးလာလဲကျေးရွာအနီးတိုက်ပွဲမှာ တစ်နေကုန်နီးပါး ပြင်းထန်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ် ခမရ(၅၁၃)တပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာ အများအပြားဖြင့်ဆုတ်ခွာသွားခဲ့ရကြောင်း KMICက အသိပေးသည်။
လက်နက်ခဲယမ်းများ သိမ်းဆည်းရမိပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှတစ်ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့ ကြောင်း မြေပြင်တပ်မှူးတစ်ဦးက ပြောသည်။

Public Service Announcement
အလားတူ မတ်လ၁၉ရက် နံနက် ၁၀နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ကရင်နီတပ်မတော် အခြေပြုစခန်းအား ဒုတိယအကြိမ် ချဉ်းကပ်မှုပြုလုပ်လာခဲ့ပြီး မီတာ(၃၀၀)အတွင်းရောက်ရှိစဉ် စစ်ကောင်စီတပ်မှတစ်ဦး မိုင်းနှင်းမိ၍ ခြေပြတ်သွားခဲ့သည်ဟု ဆိုသည်။
ကရင်နီတပ်မတော်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးထပ်မံဒဏ်ရာရရှိခဲ့ကာ စစ် ကောင်စီတပ်က (၆၀) မမ၊ (၁၂၀)မမဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကရင်နီတပ်မတော်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ကရင်နီပြည်နယ် ဆိုတရှား(ရှားတော)မြို့နယ်တွင်ရှိသည့် ကရင်နီတပ်မတော်တပ်စခန်းတစ်ခုအား သိမ်းပိုက်နိုင်ရန် စစ်ကောင်စီတပ်မှ တပ်ရင်း သုံးခုပူးပေါင်း၍ စစ်ဆင်ရေးပြုလုပ်လျက်ရှိပြီး မတ်လ ၁၂ရက်က ပထမအကြိမ်ထိုးစစ်ဆင်ခဲ့သည်။
အဆိုပါတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သားအလောင်းနှစ်လောင်းအပါအဝင် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။


















































