အကြမ်းဖက်စစ်ကောင်စီက ထန်တလန်မြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မူကြောင့် ယနေ့(စက်တင်ဘာ၁၈) ညနေ ၅ နာရီခွဲကျော်အထိ့ နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးနေကြောင်း ဒေသခံများကပြောသည်။
“မီးငြိမ်းဖို့သွားတဲ့သူတွေကို ပစ်နေလို့ ဘယ်သူမှ မီးမငြိမ်းရဲဘူးဖြစ်နေတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။
စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီ၏ တပ်သားများက ထန်တလန်မြို့အပေါ်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးထိမှန်သည့် အိမ်နှစ်လုံးမှ မီးစတင်လောင်ကျွမ်းပြီး အခြားအိမ်များကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။
ထန်တလန်မြို့နယ်ရှိ မြန်မာ-အိန္ဒိယနယ်စပ်မှ လုံလဲရ်စခန်းကို CDFထန်တလန်အဖွဲ့က စက်တင်ဘာ ၁၁ ရက်တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၂ ဦးသေပြီး ၁ ဦးအရှင်အဖမ်းခံရကာ လက်နက်ခဲယမ်းအမြောက်အများကိုCDF ကသိမ်းဆည်းနိုင်ခဲ့သည်။ လုံလဲရ်စခန်းသိမ်းပိုက်ခံရပြီး တစ်ပါတ်အကြာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ထန်တလန်မြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

စစ်ကောင်စီက CDFနှင့်တိုက်ပွဲဖြစ်ရာတွင် မနိုင်သဖြင့် ထန်တလန်မြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး မြို့ပေါ်ရှိ နေအိမ်နှင့်ဆိုင်ခန်းများမှ အဖိုးတန်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေသည်ဟု ဒေသခံများကပြောသည်။
လက်ရှိတွင် ထန်တလန်မြို့ပေါ်ရှိ ပြည်သူထက်ဝက်ခန့်မှာ အကြမ်းဖက်စစ်ကောင်စီရန်ကို ကြောက်ရွံ၍ ထွက်ပြေး တိမ်းရှောင်နေရသည်။




















































