နေခန့်/People’s Spring
စစ်ကောင်စီရဲ့ ထောက်ပို့လေယာဥ်လို့ယူဆရတဲ့ ရဟတ်ယာဥ်တစ်စ်ီးပါ။ လေယာဥ်ကတော့ ဆရာမတို့ရွာလေးကိုကျော်သွားခဲ့ပါပြီ။ ဒါပေမယ့် ဆရာမဒေါ်ခင်ကတော့ ရင်တုန်ပန်းတုန် ဖြစ်နေတုန်းပဲ။
ဆရာမ ဒေါ်ခင်က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာကပါ။ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်က ဆရာမတို့ရဲ့ လက်ယက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းထဲက ကိုယ်ထူကိုယ်ထစာသင်ကျောင်းလေးကို စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 နှစ်စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ မူလတန်း ကျောင်းသားကျောင်းသူ ၆ ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ပါတယ်။

Public Service Announcement

အဲဒီအဖြစ်အပျက်ကြီးဟာ ၂ နှစ်ပြည့်တော့မှာဖြစ်ပေမယ့် လေယာဥ်သံကြားတိုင်း ကြောက်ရွံ့တဲ့စိတ်ဖြစ်ပေါ်နေတုန်းပဲလို့ ကိုယ်တိုင်မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ဆရာမက ပြောပါတယ်။
“လေယာဥ်သံကြားရင် ကလေးတွေကော ကိုယ်ကောတအားကြောက်ကြတာ။”လို့ ဆရာမဒေါ်အေးမာဆွေက ပြောပါတယ်။
ဆရာမနဲ့ ကလေးတွေတင်မကသေးဘဲ ရွာသူရွာသားတွေပါ လေယာဥ်သံကြားတိုင်း ကြောက်စိတ်ဝင်နေကြတုန်းပါ။ အဲဒီစိတ်ဒဏ်ရာတွေကို ဆရာမဟာ ခုချိန်ထိ ခံစားနေရဆဲပါ။
“စာသင်နေတဲ့အချိန်ဆိုရင်တော့ ခေတ္တခဏ မေ့မေ့ပျောက်ပျောက်ရှိတယ်။ လေယာဥ်တွေတက်လာပြီဟေ့ဆိုရင်တော့ အဲဒါကြီးက ဘယ်တော့မှမမေ့ပျောက်ဘူး။”လို့ ဆရာမက ပြောပါတယ်။
ရေဦးမြို့ပေါ်ကနေလည်း ညတိုင်ဆိုရင် လက်နက်ကြီးနဲ့ထုနေတာဆိုတော့ စိတ်ချလက်ချနေလို့မရဘူးလို့ ဆရာမက ပြောတယ်။ အနီးကမဲအိုးရွာကိုလည်း လွန်ခဲ့တဲ့လပိုင်းလောက်ကပဲ စစ်တပ်က အလစ်အငိုက်ဝင်လာပြီး ပြည်သူတွကို သတ်ဖြတ်သွားဖူးတော့ ညဆိုကောင်းကောင်းအိပ်မပျော်ဘူးလို့ ဆရာမက ပြောတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း ကျောင်းနဲ့ တက္ကသိုလ် စုစုပေါင်း ၁၇၀ ကျော်လောက် စစ်ရေးအရ တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့တယ်လို့ Centre for Information Resilience (CIR)ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
ကျောင်းနဲ့ တက္ကသိုလ်တွေဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မြေပြင်ထိုးစစ်၊ မီးရှို့မှု စတာတွေကို ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။
CIRနဲ့ ပူးပေါင်း လေ့လာခဲ့တဲ့ Myanmar Witness မှတ်တမ်းတွေမှာတော့ စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေ တိုက်ခိုက် ခံရမှုတွေအတွင်း သေဆုံးသူ ၆၄ ဦးနဲ့ ဒဏ်ရာရသူ ၁၀၆ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ ပညာရေးဌာနနဲ့ အဆောက်အအုံတွေ တိုက်ခိုက်ခံရမှု အများစုဟာ လေကြောင်းကနေ ပစ်ခတ်တာ၊ ဗုံးကြဲတာတွေကြောင့်လို့ Myanmar Witness မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။
စစ်ကောင်စီက မတရားအာဏာသိမ်းခံရပြီးနောက်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအများစု (အထူးသဖြင့် အကြမ်းဖိနှိပ်သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသတွေက ပြည်သူတွေ)ဟာ စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြမှုကို ခံစားနေကြရပါတယ်။
မတည်ငြိမ်မှု ပဋိပက္ခ အမျိုးမျိုးခံစားနေရတဲ့အခြေအနေများအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ လေ့လာချက်အရ ပဋိပက္ခ ခံစားနေရတဲ့ အခြေအနေက လူ၅ယောက်မှာ ၁ယောက်နှုန်းက စိတ်ကျန်းမာရေးဝေဒနာများရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက ပြည်သူတွေကတော့ ဘဝမတည်ငြိမ်မှု၊ တစ်နေရာမှတစ်နေရာသို့မကြာခဏရွေ့ပြောင်းနေထိုင်ရမှု၊လူမှုဖိအားများ၊ မိသားစုဆက်ဆံရေးတင်းမာမှုများ၊ စီးပွားရေးအခက်အခဲများ၊ အနာဂတ်နဲ့ ပတ်သက်လို့ မသေချာမရေရာမှုများ၊ မျှော်လင့်ခြင်းကင်းမဲ့ခြင်း၊ အစရှိတဲ့ စိတ်ဖိစီးမှုတွေ ရှိနေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက အသိပေးပါတယ်။
အဲဒီစိတ်ဖိစီးမှုတွေ အလွန်ပြင်းထန်တာ၊ကြာရှည်လာတာတွေက အိပ်မပျော်ခြင်းနဲ့ အခြားစိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြစ်ပွားစေနိုင်တယ်လို့ NUGရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် စိတ်ကျန်းမာရေးဝေဒနါ ခံစားရတဲ့သူအရေအတွက်ကို စာရင်းကောက်ယူထားနိုင်တာမျိုး မရှိသေးပါဘူး။
NUGရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက စိတ်ကျန်းမာရေးကောင်းမွန်ဖို့အတွက် လုပ်ရမယ့်နည်းလမ်းတွေ မျှဝေထားပါတယ်။ အခြေခံအကျဆုံးကတော့ စိတ်နဲ့ခန္ဓာ စွမ်းဆောင်ရည်ပြည့်ဖို့ ကိုယ်စိတ်နှပါးလုံး သင့်တင့်မျှတတဲ့ အာဟာရ ရနေဖို့လိုပါတယ်တဲ့။ နေ့စဥ်တိုင်းမှာ အိပ်ရေးဝဖို့နဲ့ အာဟာရရှိတာစားဖို့၊ လုပ်စရာတွေဘယ်လောက်များများ၊ ကိုယ်စိတ်နှပါးက လိုအပ်လို့တောင်းဆိုရင် အိပ်ဖြစ်အောင်အိပ်ဖို့ တိုက်တွန်းထားပါတယ်။ အိပ်ချိန် စားချိန် မှန်ဖို့အရေးကြီးပြီး အိပ်ရေးဝဖို့နဲ့ အာဟာရပြည့်ဝဖို့ကို အနှောင့်အယှက်ဖြစ်စေမယ့်အရာတွေကို ရှောင်ဖို့နဲ့ စိတ်ခွန်အားတွေ မပြုန်းတီးစေဖို့ ဂရုစိုက်ပါလို့လည်း NUGရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ထပ်မံသတိပေးပါတယ်။
လိုအပ်ရင် ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီကို ရယူဖို့လည်း တိုက်တွန်းပါတယ်။
စစ်ပွဲတွေက နေရာတိုင်းမှာ ဖြစ်နေတဲ့အတွက် အချို့က တိုက်ရိုက်ခံရပြီး အချို့ကတော့သွယ်ဝိုက်ခံရကြောင်း၊ မြန်မာနိုင်ငံက လူတိုင်းနီးပါး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အနည်းနဲ့အများ ခံစားနေရကြောင်း စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး မြေပြင်ကပြည်သူတွေ၊ PDF ရဲဘော်တွေကို ကုသပေးနေတဲ့ စိတ်ကျန်းမာရေးဆရာဝန်ဒေါက်တာမောင်မူ(အမည်လွှဲ)က ပြောပါတယ်။
စိတ်ဖိစီးတာ၊ စိတ်ကျတာ၊ စိုးရိမ်စိတ်များတာ၊ ပြီး PTSD လို ထိခိုက်ဒဏ်ရာနောက်ဆက်တွဲ စိတ်ဖိစီးမှုများတဲ့ ဝေဒနာမျိုးတွေ၊ အဲတာတွေရဲ့ နောက်ဆက်တွဲ အရက်စွဲတာမျိုး၊ မူးယစ်ဆေးစွဲတာမျိုးတွေ အများကြီး ဖြစ်နေကြတယ်လို့ ဒေါက်တာမောင်မူက ဆိုပါတယ်။
“အားလုံးကို အကြံပေးဖို့ရရင် ဒီလိုမျိုး တွေကြုံရလို့ စိတ်ပိုင်းဆိုင်ရာ ပြဿနာခံစားရတာက ပုံမှန်ပါပဲ။ ကိုယ်က ပျော့ညံ့လို့ အားနည်းလို့ မဟုတ်ဘူးဆိုတာ အရင်ဆုံး တွေးမိစေချင်ပါတယ်။ ဒါမှ သက်သောင့်သက်သာအဖြစ်ဆုံး အဲဒါကို ကျော်လွှားနိုင်မှာပါ။”လို့ ဒေါက်တာမောင်မူက ပြောပါတယ်။
နောက်ထပ်ဒေါက်တာမောင်မူ အကြံပြုတာက ချစ်သူ၊ ခင်သူတွေနဲ့ အဆက်အသွယ်မပြတ် နီးကပ်နေဖို့ပါ။ နီးတဲ့လူတွေနဲ့ စကားဝိုင်းဖွဲ့တာ၊ ဝေးတဲ့လူတွေနဲ့ ဖုန်းဆက်တာ၊ တိုင်ပင်ဆွေးနွေးရင်ဖွင့်တာမျိုးတွေလုပ်ဖို့ သူကတိုက်တွန်းပါတယ်။
“နောက်တစ်ခုက ကိုယ့်ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားတာနဲ့ အိပ်တာကို တတ်နိုင်သမျှ ပုံမှန်ဖြစ်အောင်နေဖို့ပါ။ အချိန်မှန်အိပ်၊ အချိန်မှန်စား၊ အိပ်ရေးဝဝ အိပ်၊ အဟာရပြည့်အောင် စားပါပေါ့။ နောက်တစ်ခုက ကိုယ်ဝါသနာပါရာတွေနဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို လုပ်ဖို့ပါ။ ကိုယ် အရင်က ဝါသနာပါခဲ့တာမျိုး၊ စိတ်ပျော်ခဲ့တာမျိုးတွေ ရှာပြီးပြန် လုပ်ဖို့ပါ။”လို့ ဒေါက်တာမောင်မူက ပြောပါတယ်။
ဒေါက်တာမောင်မူ အလေးအနက်မှာတာတခုရှိပါသေးတယ်။ အကူအညီတောင်းဖို့ မတွန့်ဆုတ်ပါနဲ့တဲ့။
“စိတ်ပိုင်းဆိုင်ရာ ပြဿနာ ခံစားနေရတယ်။ ကိုယ့်ဟာကိုယ် ဖြေရှင်းကြည့်တယ်၊ မပြေဘူး၊ အကူအညီ တောင်းရပါမယ်။ ဒါ ရှက်စရာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မိသားစု၊ ချစ်သူခင်သူ၊ ဆရာဝန်ဆရာမ ကျန်းမာရေးဝန်ထမ်း၊ အခြားဗော်လန်တီယာလုပ်နေသူတွေဆီက အကူအညီ တောင်းလို့ရပါတယ်။ အဲဒီလို လူမျိုး ကိုယ်အနားမှာ ဘယ်သူမှ မရှိဘူးဆိုရင်တောင် တစ်ယောက်ယောက်ကို ရင်ဖွင့်အကူအညီတောင်းဖို့ အကြံပြုချင်ပါတယ်။”လို့ ဒေါက်တာမောင်မူက ပြောပါတယ်။
အင်တာနက်ရနေသေးတဲ့နေရာတွေမှာတော့ တယ်လီကျန်းမာမှာ သွားပြီး စိတ်ပိုင်းဆိုင်ရာအတွက် ဆွေးနွေးလို့ရတဲ့အကြောင်း ဒေါက်တာမောင်မူက ပြောပါတယ်။
ဆရာမကတော့ တကိုယ်ရည်စိတ်ကျန်းမာရေးအတွက် စာအုပ်လေးတွေမှာပြီး ဖတ်ဖြစ်တယ်။ ရွာမှာလည်း စာကြည့်တိုက်လေးလုပ်ထားတယ်။ အကချိန်တချိန်ပါတော့ ကလေးတွေနဲ့ကကြတယ်။ စာအုပ်ထဲမှာပါတဲ့ကစားနည်းလေးတွေသင်ပေးတယ်လို့ ဆရာမက ပြောပါတယ်။
ဘယ်လောက်ပဲ စိတ်ဒဏ်ရာတွေရှိခဲ့ရှိခဲ့ ဆရာမတို့တတွေ ကလေးတွေပညာရေးအတွက် ရှေ့ဆက်ခဲ့ကြတယ်။ “အခုဆို တဖြတ်ပြီးတော့မယ်။”လို့ ဆရာမက ပြောပြတယ်။
ဒါပေမယ့် ဘယ်လိုပဲစိတ်ကျန်းမာရေးကောင်းအောင်ကြိုးစားကြိုးစား သက်သာလာတာမျိုးတော့မရှိဘူးလို့ ဆရာမက ပြောပါတယ်။
တော်လှန်ရေးမပြီးမချင်းကတော့ တို့ဒီလိုဒုက္ခတွေ တွေ့ရဦးမှာပဲလို့ ဆရာမက ပြောတယ်။
“စိတ်ကျန်းမာရေးအမြစ်ပြတ်အောင်ကတော့ ဒီအာဏာသိမ်းတာကြီး ချုပ်ငြိမ်းသွားမှ ကျွန်မတို့ PDFကလေးတွေ အောင်ပွဲခံနိုင်မှ မကုရဘဲနဲ့ကို လုံးလုံးပျောက်သွားမှာ။ ခုချိန်ကတော့ ဘယ်လောက်ကြီး ကုစားကုစား ပျောက်တယ်လို့တော့မရှိဘူး။ နည်းနည်းလောက်သက်သာရာပဲရမှာ။”လို့ ဆရာမက ရင်ဖွင့်တယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ ကလေးတွေထဲက ဘုန်းတေဇအပါအဝင် ကလေးနှစ်ယောက်ရဲ့ မိခင်နှစ်ယောက်ကတော့ နောက်ထပ်ရင်သွေးလေးတွေကိုယ်စီထပ်ယူပြီး စိတ်ပြောင်းအောင် ကြိုးစားထားကြတယ်လို့ ဒေသခံတွေက ပြောပြတယ်။
အစကတော့ ယူဖို့အစီအစဥ်မရှိကြပေမယ့်ကလေးဆုံးရှုံးထားတော့ စိတ်ဒဏ်ရာတွေသက်သာအောင် ထပ်ယူခဲ့ကြတာလို့ ဆွေမျိုးသားချင်းတွေက ပြောပြတယ်။
“တော်လှန်ရေးကြားထဲကနေလည်း ယူလိုက်ရတာ။ ပြေးရလွှားရလည်း မတက်နိုင်ဘူး။သူတို့စိတ်သက်သာရာရတာပေါ့။”လို့ ဘုန်းတေဇရဲ့ အဒေါ်ဖြစ်သူက ဆိုပါတယ်။
အခုတော့ စိတ်ပြေစရာသတင်းလေးတွေကြားရတဲ့အတွက်လည်း အားတက်မိတယ်လို့ ဆရာမကပြောတယ်။တော်လှန်ရေးအင်အားစုတွေရဲ့အောင်
ပွဲသတင်းတွေကို ဆိုလိုတာပါ။ “အဲသတင်းလေးတွေနဲ့ ကိုယ့်ကိုယ်ကို အားပေးနေတာ။”လို့ ဆရာမဒေါ်ခင် ကပြောလိုက်ပါတယ်။


















































