သတင်းဌာန သုံးခုကို အိမ်ဖြူတော်မှာ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ကို တရားရုံး တစ်ခုက ကြားဝင် တားမြစ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထရမ့်ရဲ့ အမိန့်အရ CNN၊ MS NOWနဲ့ Politico သတင်းဌာနတွေရဲ့ သတင်းထောက်တွေရဲ့ ဝင်ရောက် သတင်းယူခွင့်ကို အိမ်ဖြူတော်က ရုပ်သိမ်းခဲ့တာပါ။ ထရမ့်က အဲဒီ သတင်းဌာနတွေဟာ သူ့အစိုးရကို လုပ်ကြံဖန်တီး ရေးသားမှုတွေနဲ့ နာမည်ဖျက် တိုက်ခိုက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
သက်ဆိုင်ရာ သတင်းဌာနတွေကလည်း ဒီကိစ္စကို ငြိမ်ခံမနေဘဲ ကိုလံဘီယာ ခရိုင် တရားရုံး တစ်ခုဆီ ဦးတိုက်လျှောက်ထားပြီး တုံ့ပြန်ခဲ့ပါတယ်။ အိမ်ဖြူတော် ဆိုတာက အမေရိကန် ပြည်သူတွေနဲ့သာ သက်ဆိုင်ပြီး လူတစ်ဦးတစ်ယောက်ရဲ့ အလိုအရ ထိန်းချုပ်ပိုင်ခွင့် မရှိကြောင်း၊ အိမ်ဖြူတော်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို သတင်းရယူပြီး လူထုဆီ တင်ပြမှုကို ဘယ်အာဏာပိုင်ကမှ တားမြစ်ပိုင်ခွင့် မရှိကြောင်း၊ ဒါကြောင့် ထရမ့်ရဲ့ တားမြစ်မိန့်ကို ပယ်ဖျက်ပေးစေလိုကြောင်း သတင်းဌာန သုံးခုက တရားရုံးဆီ လျှောက်ထားတောင်းဆိုခဲ့ပါတယ်။ လွတ်လပ်စွာ သတင်းဖော်ပြခွင့်ကို တားမြစ်တာဟာ အမေရိကန် ဖွဲ့စည်းပုံ ဥပဒေတွေနဲ့ မကိုက်ညီဘူးလို့လည်း သတင်းဌာနတွေ ဆိုပါတယ်။
ဒီအတောအတွင်း အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား သတင်းကွန်ရက်ကြီး ၅ ခုကလည်း အခုဖြစ်စဉ်မှာ သတင်းဌာနတွေနဲ့ တစ်သားတည်း ရပ်တည်ပြီး ထရမ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို အလှည့်ကျ သတင်းယူပြီး ပြန်လည် ဖြန့်ဝေပေးမှုကို ဆိုင်းငံ့ထားမယ်လို့ ကြေညာခဲ့ပါတယ်။ ထရမ့်ကတော့ သတင်းဌာနတွေက သူ့ကို အမှန်တကယ် သပိတ်မှောက်လို့ မရပါဘူးလို့ တုံ့ပြန်ထားပါတယ်။

Public Service Announcement
စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ ခရိုင်တရားရုံးက သတင်းဌာန သုံးခုကို ဝင်ရောက်သတင်းယူခွင့် ပိတ်တဲ့ အိမ်ဖြူတော် ဆုံးဖြတ်ချက်ကို ယာယီ ပယ်ဖျက်ထားစေဖို့ ညွှန်ကြားခဲ့ပါတယ်။ အိမ်ဖြူတော် အနေနဲ့ သတင်းထောက်တွေရဲ့ ဝင်ရောက် သတင်းယူခွင့်ကို ပြန်လည် ပေးအပ်ရမယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးရဲ့ ခွင့်ပြုမိန့်ဟာ ၁၄ ရက်ပဲ သက်တမ်းရှိမှာပါ။ ဒီအတောအတွင်း တရားသူကြီးက အိမ်ဖြူတော်မှာ အခုလို ပိတ်ပင်ပိုင်ခွင့်မျိုး ရှိမရှိ ဆိုတာကို ပြန်လည် သုံးသပ်နေမှာ ဖြစ်ပါတယ်။
တရားသူကြီး တင်မိုသီ ကယ်လီကတော့ အိမ်ဖြူတော်ဖက်က သတင်းယူခွင့် တားမြစ်ပိတ်ပင်ပိုင်ခွင့် မရှိကြောင်း CNN၊ Politicoနဲ့ MS NOWတို့ရဲ့ တင်ပြမှုဟာ အောင်မြင်နိုင်ခြေ ပိုများကြောင်းလည်း သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကြေညာချိန်မှာ ပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော် အနေနဲ့ ဒီလို ပိတ်ပင်မှုမျိုး လုပ်ခွင့်ရှိတယ် ဆိုတာကို ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာ မတင်ပြနိုင်ဘူးလို့ တရားသူကြီးက ထောက်ပြပါတယ်။ နောက်ပြီး ထရမ့်ဖက်က ရှေ့နေတွေက သမ္မတဟာ နိုင်ငံတော် လုံခြုံရေးအရ စိုးရိမ်စရာ အခြေအနေတွေကြောင့်လည်း ဒီလို ပိတ်ပင်မှုမျိုး သတ်မှတ်ခဲ့တာပါလို့ အကြောင်းပြတာကိုလည်း တရားသူကြီးက ပယ်ချခဲ့ပါတယ်။
ထရမ့်ဟာ သတင်းဌာနတွေကို အိမ်ဖြူတော် ဝင်ရောက်ခွင့် ပိတ်ပင်ချိန် အစောပိုင်းမှာတုန်းက အဲဒီအကြောင်းပြချက်ကို ဘာကြောင့် မပေးခဲ့သလဲလို့ တရားသူကြီးက မေးခွန်းထုတ်ခဲ့ပါတယ်။ အခုတော့ သတင်းဌာနတွေရဲ့ အိမ်ဖြူတော်မှာ သတင်းယူခွင့်ဟာ ၁၄ ရက်ကြာ ပြန်လည် ရရှိသွားပေမယ့် နှစ်ဖက်ကြား ဥပဒေကြောင်းအရ အားပြိုင်မှုတွေကတော့ ဆက်ရှိနေမှာပါ။ အိမ်ဖြူတော်ဖက်ကလည်း နောက်ထပ် ဥပဒေရေးရာ တုံ့ပြန်မှုတွေအတွက် စီစဉ်နေဖွယ် ရှိပါတယ်။
ခရိုင်တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ကတော့ လောလောလတ်လတ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ သတင်းဌာန သုံးခုကို အိမ်ဖြူတော်မှာ သတင်းယူခွင့် ပိတ်ခဲ့တဲ့နောက် ထရမ့်ဟာ စက်တင်ဘာ ၂၂ ရက်နေ့တုန်းက နယူးယောက်မြို့က ကုလသမဂ္ဂ (UN) ဌာနချုပ်မှာ သွားရောက် မိန့်ခွန်းပြောခဲ့ပါတယ်။ မိန့်ခွန်း မပြောခင် ထရမ့်က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ CNN ဂျာနယ်လစ် ကိုင်တလန် ကောလင်းစ် ရှိနေတာကို သတိထားမိခဲ့တဲ့နောက် ဘာကြောင့် ဒီမှာ သတင်းလာယူနေသလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ CNNက သူ့အကြောင်း သတင်းမယူဘူးလို့ ပြောထားတယ်ဆိုရင် ကောလင်းစ်လည်း အဲဒီနေရာမှာ ရှိမနေသင့်ဘူးလို့ ထရမ့်က ပြောကြားခဲ့ပါတယ်။
ကိုးကား: BBC



















































