Connect with us

Hi, what are you looking for?

သတင်း

သတင်းထောက်နှစ်ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ် ချမှတ်

နှစ်ရှည်​ထောင်ချခံ​နေရတဲ့ သတင်း​ထောက် ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦး။ ဓါတ်ပုံ- Supplied

အာဏာသိမ်း စစ်ကောင်စီဟာအကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင် ခံထားရတဲ့ Dawei Watch ရဲ့သတင်းထောက်နှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။

အွန်လိုင်း သတင်းဌာန Dawei Watchရဲ့ သတင်းထောက် ကိုမျိုးမြင့်ဦးကို စစ်ခုံရုံးက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)၊ ၅၂(ခ)တွေနဲ့ စွဲချက်တင်ပြီး ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့သလို သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ကိုအောင်ဆန်းဦးကိုလည်း ပုဒ်မ ၅၂(က)၊ ၅၂(ခ)တွေအရ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် လွတ်လပ်တဲ့ သတင်းမီဒီယာတွေအပေါ် ပစ်မှတ်ထား ဖိနှိပ်မှုတွေ ပိုမိုလုပ်လာခဲ့ပြီး နှစ်ရှည်ထောင်ဒဏ် စီရင်ချက် ချမှတ်ခံရတဲ့ သတင်းသမားတွေအပြင် စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးခဲ့တဲ့ သတင်းမီဒီယာ လောကသားတွေပါ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာဟာ လက်ရှိအချိန်မှာတော့ တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု ဒုတိယ အဆိုးရွားဆုံး နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း မွန်ပြည်နယ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက နေအိမ်ကို စီးနင်းပြီး သတ်ဖြတ်ခဲ့တာကြောင့် အလွတ်တမ်း သတင်းထောက်နှစ်ဦး သေဆုံးခဲ့ရပါတယ်။

အခုနောက်ဆုံး နှစ်ရှည် ထောင်ဒဏ် စီရင်ချက်တွေ ချမှတ်ခံရတဲ့ အသက် ၄၁ နှစ်အရွယ် ကိုမျိုးမြင့်ဦးနဲ့ အသက် ၄၉ နှစ်အရွယ် ကိုအောင်ဆန်းဦးတို့ဟာ မြိတ်မြို့က သူတို့ရဲ့ နေအိမ် အသီးသီးမှာ သီးခြားစီ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ကို ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီက တိကျတဲ့ မှတ်ချက်မျိုး လုံးဝ မပေးခဲ့ပါဘူး။

Dawei Watchရဲ့ အယ်ဒီတာချုပ် ကိုကျော်ဆန်းမင်းက ကိုအောင်ဆန်းဦးဟာ မြိတ်ထောင်ထဲက စစ်ခုံရုံးမှာ ဖေဖော်ဝါရီလ ကတည်းက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရပြီး ကိုမျိုးမြင့်ဦးကတော့ တူညီတဲ့ စစ်ခုံရုံးမှာပဲ မေလတုန်းက ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရတယ် ဆိုတာကို ပြန်လည် ကြားသိခဲ့ကြောင်း၊ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးကြောင်း ပြောခဲ့ပါတယ်။

သူတို့နှစ်ယောက်ကို ဘယ်လို အကြောင်းတရားတွေကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ အောက်ကနေ စွဲချက်တင်ခဲ့သလဲ ဆိုတာကလည်း မရှင်းလင်းကြောင်း သတင်းဌာနဖက်က ဆိုပါတယ်။ ကိုကျော်ဆန်းမင်းက သူ့ရဲ့ သတင်းသမားနှစ်ယောက် နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ် ခံထားရတယ် ဆိုတာကို သိထားခဲ့တဲ့ အချိန်ကာလ တစ်ခု ရှိခဲ့ပြီး ဖြစ်ပေမယ့်လည်း သူတို့ရဲ့ မိသားစုဝင်တွေရဲ့ လုံခြုံရေး စိတ်မချရသေးတာကြောင့် ထုတ်မပြောသေးတာလို့လည်း ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ အကျယ်တဝင့်တော့ သူက ရှင်းမပြခဲ့ပါဘူး။

ဂျာနယ်လစ်တွေအပေါ် အခုလို ကြီးမားတဲ့ စွဲချက်နဲ့ ကြမ်းတမ်းတဲ့ ပြစ်ဒဏ်တွေ ချမှတ်တယ် ဆိုတာဟာ လုံးဝ မဖြစ်သင့်တဲ့ အခြေအနေမျိုးလို့ ကိုကျော်ဆန်းမင်းက ဝေဖန်သွားပါတယ်။ သူက အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လွတ်လပ်တဲ့ မီဒီယာတွေကို ဖြိုခွင်းမှုတွေ စတင်လာခဲ့တဲ့ တလျှောက် Dawei Watchရဲ့ သတင်းထောက် ၅ ဦးနဲ့ ကော်လံစား ၁ ဦးတို့ အဖမ်းခံခဲ့ရပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီထဲက သတင်းထောက် ၃ ယောက်ကတော့ ပြန်လွတ်ခဲ့ပါတယ်။

Dawei Watchအပါအဝင် လွတ်လပ်တဲ့ မီဒီယာ အများစုဟာ အခုအခါမှာတော့ လွတ်မြောက်နယ်မြေတွေ၊ အိမ်နီးချင်း နိုင်ငံတွေမှာ အခြေပြုပြီး သတင်းသမားတွေကလည်း ပုန်းလျှိုးကွယ်လျှိုးနဲ့သာ အလုပ်လုပ်နေကြရပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အနည်းဆုံး သတင်းမီဒီယာသမား ၇ ဦးထိ သတ်ဖြတ်ခံရပြီး စစ်ကြောရေး စခန်းတွေမှာ ညှင်းပန်းနှိပ်စက် ခံရသူတွေလည်း ရှိနေတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း သတင်းသမား​တွေဖမ်းဆီး​ထောင်ချခံရတာ ၂၀၀ကျော်ရှိပြီး လက်ရှိအချိန်ထိ ဖမ်းဆီး​ထောင်ချခံ​နေရတဲ့ သတင်း​ထောက် နဲ့ သတင်းမီဒီယာဝန်ထမ်း ၆၀ ​ကျော် ရှိတယ်လို့ RSF ကထုတ်ပြန်ထားပါတယ် ။

ကိုးကား-AP

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

နိုင်ငံတကာ

လူသိများခဲ့တဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးကို တရုတ်က ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သလို သူ့ကုမ္ပဏီကိုလည်း ဒဏ်ကြေး အမြောက်အမြား တပ်ရိုက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook