Connect with us

Hi, what are you looking for?

သတင်း

ပုဂံတွင် မိုးများပြီး စေတီပုထိုးအချို့ ပြိုကျ

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီပုထိုးအချို့ပြိုကျမှုဖြစ်ပွားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျပျက်စီးသည့် စေတီပုထိုးများအား တွေ့ရစဥ်။

ကိုပုဂံ/People’s Spring

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီပုထိုးအချို့ပြိုကျမှုဖြစ်ပွားခဲ့သည်။

ယနေ့(စက်တင်ဘာ ၁၂ရက်)တွင် ပုဂံမြို့သစ် ကျန်စစ်သားနယ်​မြေ ​ရွှေ​လောင်းရပ်ကွက်ရှိ ဘုရားအမှတ်(၁၀၄၂)၊ ဆင်ကဘုရား ပြိုကျမှုဖြစ်ခဲ့သည်။

ထို့အပြင် ညောင်ဦးမြို့ ငှက်ပစ်တောင်ပေါ်ရှိ ဘုရားအမှတ်(၁၆၇) စေတီကြီးဘုရား ပြိုကျမှုဖြစ်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ပြိုကျမှုဖြစ်သည့် စေတီပုထိုးများမှာ ရေဝင်၊ ရေဝထားသည့် လက္ခဏာတွေ့ရခြင်း၊ လေထုထဲတွင် ရေခိုးရေငွေ့ပါဝင်မှုနှုန်းများခြင်း၊ လုံလောက်သည့် နေရောင်ချည်နှင့် အပူဓာတ်မရခြင်း၊ အုတ်သားထုမှာ အသက်ဝဝ ရှူလို့မရသည့် လက္ခဏာတွေ့ရခြင်း၊ ကိုယ်ထည်ထဲဝင်နေသည့် ရေခိုးရေငွေ့အား နေပူချိန်၊ ရာသီဥတုပူချိန်တို့တွင် အငွေ့ပျံသွားအောင်မထုတ်နိုင်တော့ခြင်း၊ မြေသားအင်္ဂတေ၏ တွယ်ကပ်၊ တွယ်ကုပ်နိုင်မှုစွမ်းအားမရှိတော့ဘဲ သာမန်ရွှံ့စေးမြေသာသာဖြစ်လာခြင်းနှင့် မိုးရွာသည့်အခါ မိုးကျသည့်ဒဏ် ၂၄နာရီခန့် ခံရသောကြောင့် ဘုရားကိုယ်ထည်၊ အုတ်သားထုကိုယ်ထည်သည် မိုးရေဒဏ်အား ထိန်းမထားနိုင်တော့ခြင်းစသည့်အချက်များကြောင့်ဟု ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းပြုပြင်ရေး နည်းပညာဆိုင်ရာကျွမ်းကျင်သူတစ်ဦးဖြစ်သူ ကိုဇေမျိုးလင်းက ၎င်း၏ လူမှုကွန်ရက်တွင် သုံးသပ်ရေးသားထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျပျက်စီးသည့် စေတီပုထိုးများအား တွေ့ရစဥ်။

ဘုရားအမှတ်(၁၀၄၂) ဆင်ကဘုရားသည် ပြီးခဲ့သည့် ၂၀၂၃စက်တင်ဘာ ၁၁ရက်ကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ​ဘုရားစောင်းတန်းပြိုကျမှု ဖြစ်ပွားခဲ့သေးသည်။ ထို့အပြင် ၂၀၂၃ သြဂုတ် ၃၁ရက်ကလည်း မိုးသည်းထန်စွာရွာသွန်းမှု​ကြောင့် ဘုရားအမှတ် (၈၀၁) သံပျင်စွာဘုရား၏ တောင်ဘက်နံရံပြိုကျပျက်စီးမှုဖြစ်ခဲ့သည်။

ယခုရက်ပိုင်းအတွင်း ပုဂံရှေးဟောင်းနယ်မြေတွင်လည်း မိုးကောင်းနေပြီး အဆိုပါမိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်ခံခဲ့ရသည့် ​စေတီပုထိုးအချို့မှာ ပြိုကျပျက်စီးမှုများ ဖြစ်​ပေါ်​နေခြင်းဖြစ် သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျပျက်စီးသည့် စေတီပုထိုးများအား တွေ့ရစဥ်။

၂၀၁၆ သြဂုတ်၂၄ရက်က လှုပ်ခတ်သည့် အင်အားပြင်းငလျင်ဒဏ်​ကြောင့် ​ရှေး​ဟောင်းပုဂံ​ဒေသရှိ ​စေတီပုထိုး ၃၈၉ဆူ ထိခိုက်ပျက်စီးခဲ့သည်။ ထိုငလျင်ဒဏ်ခံရပြီး​နောက်တွင် မိုးတွင်းကာလ၌ မိုးသည်းထန်စွာရွာသွန်းပါက ​ပုဂံ​ဒေသရှိ စေတီပုထိုးအချို့မှာ ပြိုကျပျက်စီးမှု နှစ်စဥ်ဖြစ်​ပေါ်​နေသည်။

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသို့ဝင်ရောက်ခဲ့သော ယာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် လက်တလောတွင် မိုးကြီးနေသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျပျက်စီးသည့် စေတီပုထိုးများအား တွေ့ရစဥ်။

မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။

ဓာတ်ပုံ – ko htun yati၊ Ko Zaw

ဆက်စပ်သတင်းများ

ဆောင်းပါး

"မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"

သတင်း

ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ဖေဖော်ဝါရီ-၂၈၊ ၂၀၂၆ ​​ဇေအောင်/People’s Spring ပုဂံ၊ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းမှာ စစ်ကောင်စီလှည့်ကင်းကား ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၄ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂၈ရက် မနက် ၇နာရီခွဲဝန်းကျင်မှာ ပုဂံ၊ညောင်ဦးမြို့အခြေစိုက် ခလရ (၄၁၅)တပ်ရင်းက ထွက်လာတဲ့...

သတင်း

မန္တလေးတိုင်း၊ပုဂံဒေသကိုလာရောက်လည်ပတ်တဲ့ရှေ့နေအမျိုးသားတစ်ဦးအပါအဝင်လေးဦးဟာရက်သတ္တပတ်နှစ်ပတ်နီးပါးကြာအဆက် အသွယ်ပြတ်တောက် ပျောက်ဆုံးနေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။