ကိုပုဂံ/People’s Spring
ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီပုထိုးအချို့ပြိုကျမှုဖြစ်ပွားခဲ့သည်။
ယနေ့(စက်တင်ဘာ ၁၂ရက်)တွင် ပုဂံမြို့သစ် ကျန်စစ်သားနယ်မြေ ရွှေလောင်းရပ်ကွက်ရှိ ဘုရားအမှတ်(၁၀၄၂)၊ ဆင်ကဘုရား ပြိုကျမှုဖြစ်ခဲ့သည်။
ထို့အပြင် ညောင်ဦးမြို့ ငှက်ပစ်တောင်ပေါ်ရှိ ဘုရားအမှတ်(၁၆၇) စေတီကြီးဘုရား ပြိုကျမှုဖြစ်ခဲ့သေးသည်။
ပြိုကျမှုဖြစ်သည့် စေတီပုထိုးများမှာ ရေဝင်၊ ရေဝထားသည့် လက္ခဏာတွေ့ရခြင်း၊ လေထုထဲတွင် ရေခိုးရေငွေ့ပါဝင်မှုနှုန်းများခြင်း၊ လုံလောက်သည့် နေရောင်ချည်နှင့် အပူဓာတ်မရခြင်း၊ အုတ်သားထုမှာ အသက်ဝဝ ရှူလို့မရသည့် လက္ခဏာတွေ့ရခြင်း၊ ကိုယ်ထည်ထဲဝင်နေသည့် ရေခိုးရေငွေ့အား နေပူချိန်၊ ရာသီဥတုပူချိန်တို့တွင် အငွေ့ပျံသွားအောင်မထုတ်နိုင်တော့ခြင်း၊ မြေသားအင်္ဂတေ၏ တွယ်ကပ်၊ တွယ်ကုပ်နိုင်မှုစွမ်းအားမရှိတော့ဘဲ သာမန်ရွှံ့စေးမြေသာသာဖြစ်လာခြင်းနှင့် မိုးရွာသည့်အခါ မိုးကျသည့်ဒဏ် ၂၄နာရီခန့် ခံရသောကြောင့် ဘုရားကိုယ်ထည်၊ အုတ်သားထုကိုယ်ထည်သည် မိုးရေဒဏ်အား ထိန်းမထားနိုင်တော့ခြင်းစသည့်အချက်များကြောင့်ဟု ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းပြုပြင်ရေး နည်းပညာဆိုင်ရာကျွမ်းကျင်သူတစ်ဦးဖြစ်သူ ကိုဇေမျိုးလင်းက ၎င်း၏ လူမှုကွန်ရက်တွင် သုံးသပ်ရေးသားထားသည်။
ဘုရားအမှတ်(၁၀၄၂) ဆင်ကဘုရားသည် ပြီးခဲ့သည့် ၂၀၂၃စက်တင်ဘာ ၁၁ရက်ကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုရားစောင်းတန်းပြိုကျမှု ဖြစ်ပွားခဲ့သေးသည်။ ထို့အပြင် ၂၀၂၃ သြဂုတ် ၃၁ရက်ကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုရားအမှတ် (၈၀၁) သံပျင်စွာဘုရား၏ တောင်ဘက်နံရံပြိုကျပျက်စီးမှုဖြစ်ခဲ့သည်။
ယခုရက်ပိုင်းအတွင်း ပုဂံရှေးဟောင်းနယ်မြေတွင်လည်း မိုးကောင်းနေပြီး အဆိုပါမိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်ခံခဲ့ရသည့် စေတီပုထိုးအချို့မှာ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်နေခြင်းဖြစ် သည်။
၂၀၁၆ သြဂုတ်၂၄ရက်က လှုပ်ခတ်သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် ရှေးဟောင်းပုဂံဒေသရှိ စေတီပုထိုး ၃၈၉ဆူ ထိခိုက်ပျက်စီးခဲ့သည်။ ထိုငလျင်ဒဏ်ခံရပြီးနောက်တွင် မိုးတွင်းကာလ၌ မိုးသည်းထန်စွာရွာသွန်းပါက ပုဂံဒေသရှိ စေတီပုထိုးအချို့မှာ ပြိုကျပျက်စီးမှု နှစ်စဥ်ဖြစ်ပေါ်နေသည်။
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသို့ဝင်ရောက်ခဲ့သော ယာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် လက်တလောတွင် မိုးကြီးနေသည်။
မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။
ဓာတ်ပုံ – ko htun yati၊ Ko Zaw