KNLA နဲ့မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံး
ကေအဲန်ယူ ဒူးပလာယာခရိုင် ဝင်ေးရးမြို့နယ်အတွင်း မနေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အာဏာစစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ယာယီတပ်ရင်းမှူးတစ်ဦးအပါအဝင် ၇ ဦးသေဆုံးသွားခဲ့ပါတယ်။

အောက်တိုဘာ ၂၀ ရက်မနက်ပိုင်းက ကေအဲန်ယူထိန်းချုပ်နယ်မြေ ဝင်းရေးမြို့နယ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်မှာရှိတဲ့ ခုံခံရွာမှာ KNLA တပ်မဟာ ၆ နဲ့ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခြေလျင်တပ်ရင်း ၂၈၃ တပ်နဲ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တာပါ။
ကေအဲန်ယူထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီတပ်က နယ်မြေကျူးကျော်ဝင်ရောက်လာတာကြောင့် ခုံခံရွာနဲ့ သံပုရာရွာကြားမှာ တစ်ကြိမ်၊ သံပုရာနဲ့ အနန်းကွင်းကြားမှာတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Public Service Announcement
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက် ခလရ ၂၈၃ တပ်ရင်းမှူးသန်းဝင်းထွန်းအပါအဝင် ၆ ဦးသေဆုံးသွားခဲ့ပြီး လက်နက်အတိုအရှည် ၇ လက်သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီတပ်စီးလာတဲ့ ကားတစ်စီးပျက်စီးသွားခဲ့တယ်လို့ နယ်မြေခံ KNLA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ဘက်မှာတော့ ဘာမှမဖြစ်ဘူး။ သူတို့ဘက်မှာတော့ အကုန်လုံးသေတယ်။ သူတို့ ၆ ယောက်က ဗျူဟာဆင်း ဆင်းပြီးတော့ ပြန်တက်လာတယ်။ ” လို့ နယ်မြေခံ KNLA တာဝန်ရှိသူက ပြောပါတယ်။
အဲ့ဒီတိုက်ပွဲမှာ သေဆုံးသွားတဲ့ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ ၂၈၃ တပ်ရင်းမှူးသန်းဝင်းထွန်းအလောင်းအပါအဝင် စစ်ကောင်စီတပ်သား အလောင်း ၆ လောင်းကို အခုချိန်ထိ စစ်ကောင်စီက လာရောက်ကောက်ယူမှုတွေ မရှိသေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၀ ရက် ညပိုင်းကလည်း ကေအဲန်ယူထိန်းချုပ်နယ်မြေ ဝင်းရေးမြို့နယ် လွတ်ရှမ်းရွာထဲကို အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က အကြောင်းကြားခြင်းမရှိပဲ စစ်ရေးလှုပ်ရှားမှုတွေ ဝင်ရောက်လှုပ်ရှားလာလို့ နယ်မြေခံ KNLA တပ်မဟာ ၆ နဲ့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က တစ်ဦးသေဆုံးသွားခဲ့ပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူတွေထဲမှာ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးပါဝင်တယ်လို့ နယ်မြေခံ KNLA တပ်ဖွဲ့ထံကနေ သိရပါတယ်။
” ကြားရသလောက် ဒဏ်ရာရတာခြောက်ယောက် တစ်ဦးကျ တယ်။ အဲ့ဒီထဲမှာ ဗိုလ်မှူးတစ်ယောက်ပါတယ် ပေါင်မှာထိတယ်။ သံဖြူဇရပ်ကနေ တက်လာတဲ့တပ်တွေပဲ။ ညက တစ်ကြိမ်ပဲ ကေအဲန်ယူ ဂိတ်နားမှာဖြစ်တာ။ သူတို့အင်အားအလုံးအရင်းတက်လာတော့ ကျနော်တို့ ဂိတ်စခန်းမှာ ကျနောတို့တပ်ဖွဲ့တွေက ရှိနေတယ်။ ရှိနေတော့ အဲ့လိုပေါ့ အကြောင်းကြားတာတို့ ဘာတို့မရှိတော့ အဲ့လိုမျိုးဖြစ်သွားတာ။ ညှိနှိုင်းတာမရှိတော့ တိုက်ပွဲဖြစ်သွားတာပေါ့။ သူတို့အင်အားများတော့ ကျနော်တို့လူက ဆုတ်ပေးလိုက်တယ်။ ညတုန်းက သူတို့အဲ့မှာတည်းတယ်။ အခုမနက် ခြေကျင်နဲ့ တက်လာတယ်။ ခြေကျင်အရတက်လာတာ တညင်နားမှာရောက်နေပြီ” လို့ နယ်မြေခံ KNLA တာဝန်ရှိသူက ပြောပါတယ်။
ကေအဲန်ယူ ဝင်းရေးမြို့နယ် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဒေသအတွင်းမှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ကျေးရွာအချို့က ဒေသခံတွေအချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါသေးတယ်။
အကြမ်းဖက်စစ်ကောင်စီက ၆ လတာအပစ်ရပ်မယ်လို့ ထုတ်ပြန်ကြေငြာထားပေမယ့် လက်ရှိ ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ဝင်းရေးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တွေမှာတော့ နယ်မြေခံ KNLA တပ်နဲ့ စစ်ကောင်စီတပ်တို့ကြား စစ်ရေးပဋိပက္ခတွေ ရှိနေပြီး ဒေသခံရွာသူရွာသားအများပြားလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


















































