Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့အနီး သုံးဆယ်ပေးရွာတွင် တိုက်ပွဲပြင်းထန်

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၊ လက်နက်ကြီးသံများ မန္တလေးမြို့ကပင် ကြားရ

အင်ကြင်း/People’s Spring

မန္တလေးမြို့နှင့် မနီးမဝေးရှိ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ယနေ့(စက်တင်ဘာ ၂၁ရက်) နံနက် ၆နာရီခန့်ကတည်းက မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက မတ္တရာနှင့် စစ်ကိုင်းတိုင်း မင်းကွန်းဒေသဘက်ကပါ လက်နက်ကြီးများ ပစ်ကူခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်ဘေးရှိ သုံးဆယ်ပေးရွာအား ယနေ့ နံနက် ၄နာရီခွဲခန့်ကတည်းက အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ကူများပါ အသုံးပြုခဲ့ကြောင်း MDY REVOLUTION က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

နံနက် ၈နာရီခွဲခန့်တွင်မူ စစ်ကောင်စီတပ်က သုံးဆယ်ပေးကျေးရွာအား ဂျက်ဖိုက်တာတစ်စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်း မင်းကွန်းဒေသခံအချို့က ပြောသည်။

“သမင်ခြံ၊ ပေါက်ဝဲ(ရွာ)ဘက်က သုံးဆယ်ပေးနဲ့ကပ်နေတာ။ အဲဘက်တကြောအကုန်ပြေးနေရတယ်။ လေယာဥ်သံတွေကော၊ လက်နက်ကြီးသံတွေကော ဆူညံနေတာပဲ။”ဟု မင်းကွန်းဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲအခြေအနေအသေးစိတ်အား လက်တလောမသိရသေးဘဲ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က သုံးဆယ်ပေးကျေးရွာအား မီးရှို့ဖျက်ဆီးသွားကြောင်း မင်းကွန်းဒေသခံအချို့က ပြောသည်။

သုံးဆယ်ပေးကျေးရွာတိုက်ပွဲအား လက်နက်ကြီးပစ်ကူသံများအား မန္တလေးမြို့အနီးတဝိုက်ကပါ ကြားလိုက်ရပြီး မြို့တွင်းတိုက်ပွဲဖြစ်သည့်အထင်ဖြင့် နေရာအချို့တွင် ရုတ်ရုတ်သဲသဲဖြစ်သွားကြောင်း မြို့ခံများက ပြောသည်။

“မနက်လင်းကတည်းက ပစ်နေတာ။ သုံးဆယ်ပေးဘက်ဖြစ်နေတယ်ပြောတယ်။ တချို့က ကျောက်ဝိုင်းနားဖြစ်တယ်​ပြော။ တချို့က မန္တလေးနန်းတွင်းထဲပစ်တယ်တွေရော။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

မန္တလေးနန်းတွင်းကိုမူ စက်တင်ဘာ ၁၇ ရက်ညပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်-လပခအား Operation Flame အဖွဲ့မှ ၁၀၇မမ ရှော့တိုက်ဒုံး ငါးလုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။