ဗိုလ်နဂါးဦးစီးတဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) အဖွဲ့ကို NUG အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာလိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို စစ်တပ်အတွက်ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်( (Telegram) တွေမှာဖြန့်ဝေနေကြပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ရုံးတံဆိပ်သုံးထားပြီး ထုတ်ပြန်တဲ့ရက်စွဲမဖော်ပြထားတဲ့ အဲဒီကြေညာချက်ကို သြဂုတ်လ ၂၈ ရက် ညပိုင်း ၉နာရီ ၁၇ မိနစ်မှာ Snow Queen တယ်လီဂရမ်ချန်နယ်ကစတင်ဖြန့်ဝေတာတွေ့ရပါတယ်။
အဲဒီနောက်မှာတော့ ဟန်ငြိမ်းဦး ၊Ko Chit စတဲ့ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေ ကလည်း မိနစ်ပိုင်းသာခြားပြီး ထပ်ဆင့်ဖြန့်ကြပါတယ်။
စတင်ဖြန့်ဝေတဲ့ Snow Queen တယ်လီဂရမ်ချန်နယ်မှာ ကြေညာချက်ကို ကြည့်ရှုသူဟာ ၆,၉၀၂ဦးထိရှိနေပါတယ်။

Public Service Announcement
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်အချို့ ရဲ့ဖြန့်ဝေမှုကို အောက်ပါ လင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။
( https://t.me/konyein123/860 ) ( https://t.me/ckkmdy969/12994) ( https://t.me/snowqueen023/24383)
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်တွေမှာဖြန့်ဝေနေတဲ့ ထုတ်ပြန်ချက်ထဲမှာ ဗိုလ်နဂါးဦးဆောင်တဲ့ MRDA တပ်ဖွဲ့ဝင်တွေဟာ ပြည်သူ့တပ်ကာကွယ်ရေးတပ်မတော်(PDF ) ရဲ့ သစ္စာအဓိဌာန် ၄ ချက်ကို မလိုက်နာတာ ၊ NUG ကထုတ်ပြန်တဲ့ စည်းကမ်းချက်တွေကိုချိုးဖောက်တယ်လို့ ဖော်ပြထားတာပါ။
အဲဒီကြေညာချက်ဟာ ရည်ရွယ်ချက် ရှိရှိ ဖြန့်ဝေတဲ့ အတုဖြစ်တာကိုစစ်ဆေးတွေ့ရှိရပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် ဖေ့ဘွတ်ခ်စာမျက်နှာလည်း ထုတ်ပြန်ထားတာမျိုးမတွေ့ရပါဘူး။
ဒါအပြင် NUG အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဗိုလ်နဂါးရဲ့ MRDA တပ်ကို NUG က အကြမ်းဖက်အဖြစ်သတ်မှတ်တယ်ဆိုတဲ့ ကြေညာချက်ဟာ အတုသာဖြစ်တယ်လို့အတည်ပြုပါတယ်။
ဒါဟာ စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေကြား သွေးခွဲဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလို့လည်း ဦးနေဘုန်းလတ်က မှတ်ချက်ပြုပါတယ်။
