People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်ပိုင်းမှာ ကချင်အထူးဒေသ (၁)ကို စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက်ပိုင်းမှာ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်တွေကလည်း KIA အပေါ် ထိုးနှက်တဲ့ ဝါဒဖြန့်ချိ မှုကို ပိုလုပ်လာကြပါတယ်။
စစ်တပ်ဝါဒဖြန့်တယ်လီဂရန် ချန်နယ်လ်တွေက KIA အပေါ် ၂၀၂၄ စက်တင်ဘာလကုန်ပိုင်းကနေ ၂၀၂၅ ဇန်နဝါရီလဆန်းအထိ လေးလအတွင်းဝါဒဖြန့်မှုတွေကိုလေ့လာတဲ့အခါမှာ KIA ရဲ့နောက်မှာ CIA နဲ့အမေရိကန်ရှိတယ်၊ KIA က ကချင်ပြည်နယ်က လူနည်းစု မျိုးနွယ်တွေရဲ့ဒေသကို ကျူးကျော်ဖိနှိပ်နေတယ်၊ KIA က ကချင်ပြည်နယ်က တရုတ်နိုင်ငံသားတွေကိုဖမ်းဆီး နှင်ထုတ်သတ်ဖြတ်နေတယ်၊ KIA နဲ့ အခြားတော်လှန်ရေးတပ်တွေ ပြဿနာတက်နေတယ်၊ KIA က ဗမာတိုင်းရင်းသားနဲ့ PDFတွေကိုဖိနှိပ်နေတယ်၊ ကလေးစစ်သားတွေ အဓမ္မစုဆောင်းနေတယ်၊ KIA စစ်ရှုံးနေတယ် စတဲ့အကြောင်းအရာတွေကို အဓိကဝါဒဖြန့်ချိခဲ့ပါတယ်။
စစ်တပ်ဝါဒဖြန့်တယ်လီဂရန် ချန်နယ်တွေက KIO/KIA နဲ့ပတ်သက်ပြီး သတင်းအမှားဖြန့်ချိ ဝါဒဖြန့်တာတွေထဲက အဓိက အကြောင်းအရာ သုံးခုကို လေ့လာကြည့်ရအောင်။
■ KIA ရဲ့ နောက်မှာ CIA ရှိတယ်လို့ဝါဒဖြန့်
KIO/KIA ရဲ့နောက်ကွယ်မှာ CIA ရှိတယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိမှုဟာ အသစ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာတော့ အရင်ကထက်ပိုပြီး အကြိမ်ရေများများဝါဒဖြန့်ခဲ့ကြပါတယ်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရန် ချန်နယ်ဖြစ်တဲ Kyaw Swar က အောက်တိုဘာလ ၉ ရက်နေ့မှာ KIA ဟာ CIA နောက်ခံ နဲ့ တရုတ်ကို ဆန့်ကျင်နေတယ်လို့ စတင်ဝါဒဖြန့်ပါတယ်။
တရုတ်ရဲ့သတိပေးချက်တွေကို ဂရုမစိုက်ဘဲ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းကမြို့တွေကို KIA က ဆက်လက်တိုက်ခိုက်နေပြီး ဒါဟာ တရုတ်ရဲ့ သဘောထားကို ဆန့်ကျင်တာလို့ စစ်တပ်ဝါဒဖြန့်ချန်နယ်က သွေးထိုးပါတယ်။
ကချင်ပြည်နယ်ချီဖွေမြို့ကို တိုက်ခိုက်သိမ်းပိုက်တာနဲ့ စစ်ကိုင်းတိုင်းက ပင်လည်ဘူးမြို့တွေကို KIA က တိုက်ယူထားတယ်လို့ ဆိုပါတယ်။
တရုတ်ကို KIA က ဆန့်ကျင်ရဲတာက CIA နောက်ခံရှိတာကြောင့်ဖြစ်ပြီး KIA ခေါင်းဆောင်ပိုင်းက ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကိုယ်တိုင် အမေရိကန်ပြည်ထောင်စုဆီသွားရောက်ပြီး CIA နဲ့တွေ့ဆုံခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့် ချန်နယ်က ဝါဒဖြန့်ပါတယ်။ ဒါပေမယ့် ဘယ်တုန်းကသွားရောက်ခဲ့တယ်ဆိုတာမ ဖော်ပြထားပါဘူး။
KIA ဟာ ဌာနချုပ် လိုင်ဇာမြို့မှာလည်း အမေရိကန် ကျောထောက်နောက်ခံ NUG အစိုးရကို ရုံးဖွင့်လှစ်ပေးထားတယ်လို့လည်း ဆိုပါသေးတယ်။ ဒါကြောင့် KIA ကို အကြမ်ဖက်အဖွဲ့အစည်းအဖြစ် ကြေညာပေးဖို့ စစ်တပ်ဝါဒဖြန့် ချန်နယ်က လှုံ့ဆော်ထားပါတယ် ။အဲဒီ ဝါဒဖြန့်ချိမှုကို လူပေါင်း ၄၈,၀၀၀ ကျော်က မြင်တွေ့ခဲ့ပါတယ် ။
Kyaw Swar- https://t.me/kyawswar49111/17352 (Views 48.1K)
KIA လိုပဲ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ဟာ CIA နောက်ခံနဲ့ တရုတ်ကို ကြောက်ချင်ယောင်ဆောင်ပြီး တရုတ်ကို အာခံနေတာလို့လည်းဝါဒဖြန့်ခဲ့ကြပါသေးတယ်။ ဒါကြောင့် ညီနောင်မဟာမိတ် သုံးဖွဲ့ထဲက MNDAA ဆိုရင် CIA နဲ့မပတ်သက်ကြောင်း ကြေညာချက်တွေထုတ်ရှင်းခဲ့ရပါတယ်။
ဒါအပြင် Kyaw Swar တယ်လီဂရန် ချန်နယ်ကပဲ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရုံးကို ဌာနချုပ် လိုင်ဇာမှာ ဖွင့်ခွင့်ပေးထားပြီး CIA ရဲ့ အထောက်အပံ့ကို NUG ဆီကတဆင့် လက်ခံရယူနေတယ်လို့ အောက်တိုဘာလ ၂၀ ရက်မှာ ထပ်မံဝါဒဝါဒဖြန့်ပါတယ်။
Kyaw Swar – https://t.me/kyawswar49111/17352 (Views 48.2K)
စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက KIO/KIA ဟာ NUG ကတဆင့် CIA ဆီက ငွေကြေးအထောက်အပံ့ရယူနေတာလို့ စွပ်စွဲထားပါတယ် ။ အဲဒီ ဝါဒဖြန့်ချိမှုကို လူပေါင်း ၄၈,၀၀၀ ကျော်ကမြင်တွေ့ခဲ့ပါတယ်။
ဒ့ါအပြင် ဒီဇင်ဘာ ၁၀ ရက်မှာလည်း KIO/KIA ထံ CIA ရဲ့ထောက်ပံ့ ပေးမှုတွေက စိုးရိမ်ရေမှတ်ရောက်လာတာကြောင့် တရုတ်အစိုးရက KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင်ဘန်လ ကို ခေါ်ယူတွေ့ဆုံတာလို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေကြပြန်ပါတယ်။
KIO ဥက္ကဋ္ဌကို တရုတ်က ခေါ်ယူတွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်မှာ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက “အင်ဘန်လှ တရုတ်ခရီးစဉ် နောက်ကွယ်ကအကြောင်းတရား” ဆိုတဲ့ခေါင်းစဉ်နဲ့ အချိန်ကိုက်ဝါဒဖြန့်ချိ ခဲ့ကြတာပါ။
အဲဒီ ဖြန့်ချိမှုမှာ KIA ဟာ တရုတ်ကို ပေါ်တင် အာမခံရဲပေမယ့် အမေရိကန်ရဲ့အရှိန်အဝါကြောင့် တရုတ် သြဇာကို အပြည့်အဝ မနာခံတဲ့ အဖွဲ့ဖြစ်တယ်လို့ စွပ်စွံထားပါတယ်။
အထူးသဖြင့် တရုတ်သြဇာမခံတဲ့ KIA ကို CIA ရဲ့ ငွေကြေးနဲ့ နည်းပညာထောက်ပံ့ပေးမှုတွေက တရုတ် အတွက် စိုးရိမ်ရေမှတ်ကိုရောက်လာတာကြောင့် KIOဥက္ကဋ္ဌ ကို တရုတ်က ခေါ်တွေ့တာလို့ ဝါဒဖြန့် ထားပါတယ်။ အဆိုပါဝါဒဖြန့်ချိမှုကို အောက်ပါတယ်လီဂရန်ချန်နယ်တွေက ဖြန့်ချိခဲ့ကြတာပါ ။
ခင်ညိုချော – https://t.me/khinnyochaw8888/2298 (Views 58.0K)
Ko Thet – https://t.me/kothetjournalist9000/75345 (View 30.6K)
ကိုနှင်းမောင် – https://t.me/kohninmg777/15689 (Views 8.8K)
မြစ်ဆုံသတင်းဌာန – https://t.me/myitsone1990/4813 (Views 3.3K)
▪︎ အချက်အလက်စစ်ဆေးမှု
တရုတ်အစိုးရက တွေ့ဆုံဖို့ ဖိတ်ခေါ်တာကြောင့် KIO/KIAဥ က္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့ အဖွဲ့ဟာ ဒီဇင်ဘာလ ၈ ရက်က တရုတ်နိုင်ငံဆီ ထွက်ခွာသွားတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက မြစ်ကြီးနား သတင်းဂျာနယ်ကို အတည်ပြုထားပါတယ်။
ဒါပေမယ့် တွေ့ဆုံမယ့် နေရာ၊ ဆွေးနွေးမယ့် အကြောင်းအရာတွေကိုတော့ မသိရဘူးလို့ ဗိုလ်မှုးကြီးနော်ဘူက ပြောထားပါတယ်။
Myitkyina News Journal-
https://www.facebook.com/photo/?fbid=604619382245059&set=pb.100080910062501.-2207520000
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်အရာရှိ ဝူကန်နဲ့ ဗိုလ်ချုပ်ကြီးအင်ဘန်လဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ပေကျင်းမြို့မှာ ဒီဇင်ဘာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဧရာဝတီသတင်းဌာနက ဒီဇင်ဘာလ ၁၁ ရက်မှာ ရေးသားပါတယ်။
တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ခဲ့တဲ့ ရက်ကို မဖော်ပြပေမယ့် ဆွေးနွေးပွဲကို KIO ဘက်ကဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်၊ အထွေထွေအုပ်ချုပ်ရေးဌာန အတွင်းရေးမှုး ဗိုလ်မှူးကြီး လဖိုင်ဇော်ရော် ၊ ဗိုလ်မှုးကြီး ခွန်နောင်တို့ တက်ရောက်တယ်လို့ဖော်ပြပါတယ်။
ဆွေးနွေးတဲ့အကြောင်းအရာကိုမသိရပေမယ့် မြေရှားသတ္တုနဲ့ပတ်သက်ပြီး ဆွေးနွေးဖွယ်ရှိတယ်လို့ ဧရာဝတီက ရေးသားပါတယ်။ KIA ဟာ မြေရှားသတ္တုထွက်ရှိရာ ကချင်အထူးဒေသ (၁) နယ်မြေတွေ ဖြစ်တဲ့ ချီဖွေမြို့၊ ဆော့လော်မြို့၊ ဖီမော်မြို့ ၊ ပန်ဝါမြို့တို့ကို သိမ်းယူထားပါတယ်။
The Irrawaddy News –
အခုလို တရုတ်က KIO ခေါင်းဆောင်ပိုင်းကိုတွေ့ဆုံဖို့ ဖိတ်ခေါ် ချိန်ဟာ ကချင်ပြည်နယ်ဒုတိယမြို့တော် ဗန်းမော်မြို့ကို KIA က ထိုးစစ်ဆင် တိုက်ခိုက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဗိုလ်ချုပ် ဂွန်မော်ဟာ အမေရိကန်ကိုသွားရောက်ပြီး CIA နဲ့တွေ့ဆုံတယ်လို့ စစ်တပ်လော်ဘီတွေက ဝါဒဖြန့်ချိပေမယ့် ဗိုလ်ချုပ် ဂွန်မော် အမေရိကန်ကိုသွားတာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၂၀၁၄ ဧပြီလက သွားခဲ့တာ ဖြစ်ပါတယ် ။ ၁၂ ရက်ကြာခရီးစဥ် မှာ မြန်မာနိုင်ငံနဲ့ ကချင်တိုင်းရင်းသားအရေးတွေအပေါ် စိတ်ဝင်စားမှု မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ ဗိုလ်ချုပ် ဂွန်မော်ကပြောခဲ့ပါတယ် ။
https://www.rfa.org/…/myanmar/gun-maw-04142014174506.html
အလားတူ KIA က NUG ကတဆင့် CIA ရဲ့ထောက်ပံ့မှုတွေရတယ်ဆိုတာကလည်း သတင်းမှားဖြစ်ပါတယ် ။ အမေရိကန်ရဲ့ ၂၀၂၃ NDAA ထဲမှာပါဝင်တဲ့ Burma Act အရ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ နှစ်စဥ်ဒေါ်လာ ၁၂၁ သန်းလျာထားပေမယ့် ဒီငွေတွေဘယ်လိုသုံးစွဲရမယ်ဆိုတာ ကန့်သတ်ချက်အတိအကျရှိပြီးသားဖြစ်ပါတယ် ။
ထိုင်းနဲ့အိန္ဒိယနိုင်ငံတွေ အပါအဝင် ဒုက္ခသည် ထောက်ပံ့ရေး အစီအစဉ်တွေအတွက် ဒေါ်လာ ၇၅ သန်း အသုံးပြုရမှာဖြစ်ပါတယ်။ NUG ၊ PDF တွေနဲ့ပတ်သက်တဲ့အကူအညီ ဒေါ်လာ ၂၅ သန်းရည်ရွယ်တယ်ဆိုပေမယ့် ဒီငွေဟာလည်း နည်းပညာဆိုင်ရာ ပံ့ပိုးမှုနဲ့ လက်နက်မဟုတ်တဲ့ အကူအညီပဲဖြစ်ရမယ်လို့ သတ်မှတ်ထားတာပါ။ ကျန်တဲ့ငွေတွေကိုလည်း အုပ်ချုပ်ရေးအစီအစဉ်တွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ မှတ်တမ်းမှတ်ရာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ရိုဟင်ဂျာတွေ နဲ့ စစ်တပ်မှ ထွက်လာပြီး ပြည်သူတွေနဲ့ပူးပေါင်းသူတွေကို အကူအညီပေးဖို့ဆိုပြီး သတ်မှတ်ထားတယ်လို့ VOA မှာဖော်ပြထားပါတယ် ။
https://www.voanews.com/…/myanmar-junta…/7581977.html
■ ကချင်မျိုးနွယ်စုနယ်မြေတွေကို KIA ဂျိန်းဖောအုပ်စု နယ်မြေချဲ့ထွင်နေတယ်လို့ ဝါဒဖြန့်
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကို ကြီးစိုးထားတဲ့ ဂျိန်းဖောမျိုးနွယ်စုက အခြားသော ကချင်ပြည်နယ်နေ လူနည်းစု တိုင်းရင်းသားရဲ့ နယ်မြေတွေကို သိမ်းယူပြီး နယ်မြေ ချဲ့ထွင် နေပြီလို့စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ် Kyaw Swar က နိုဝင်ဘာလ ၂ ရက်မှာ စတင်ဖြန့်ဝေပါတယ်။
စစ်တပ်လက်အောက်ခံ ဦးဇခုန့်တိန့်ယိန်းရဲ့ ပြည်သူစစ်ဌာနချုပ် ပန်ဝါမြို့အပါအဝင် ကချင်အထူးဒေသ(၁) က ချီဖွေ ၊ ဆော့လော် ၊ ဆဒုံး ၊ ဖီမော် ၊ ကန်ဖန့် ၊ ပန်ဝါ ဒေသတွေကို KIA က ဆက်တိုက် သိမ်းပိုက်လာချိန်မှာ စစ်တပ်ဝါဒဖြန့် ချန်နယ်က အချိန်ကိုက် ဖြန့်ဝေခဲ့တာပါ။
လောဝေါ် နဲ့ လာချိတ် မျိုးနွယ်စုတွေ နေထိုင်ရာ တရုတ် – မြန်မာနယ်စပ် ပန်ဝါမြို့ကို KIA ကသိမ်းယူလိုက်သလို ရဝမ် မျိုးနွယ်စုတွေ နေထိုင်ရာ နယ်မြေတွေကိုလည်း ဆက်တိုက်သိမ်းယူလိမ့်မယ်လို့ လှုံ့ဆော်ပါတယ်။
ကချင်အထူးဒေသ(၁) ကိုရပြီးနောက်မှာ ရဝမ်မျိုးနွယ်စုတွေ ရဲ့ ဒေသ ပူတာအို ကိုပါ KIA ထိုးစစ်ဆင်လိမ့်မယ်လို့ ဝါဒဖြန့်ချိမှု မှာပါရှိပါတယ်။ မြန်မာပြည်မြောက်ပိုင်းက ပူတာအိုကို သိမ်းဖို့ KIA ဌာနချုပ် လိုင်ဇာကနေ အင်အား တစ်ထောင် ခန့်ပါတဲ့ စစ်ကြောင်း စတင် ထိုးဖောက်လာတာကို ဒေသခံ တွေက ပြောပြတယ်လို့ စစ်တပ်ဝါဒဖြန့်ချန်နယ်က ရေးသားပါတယ်။
ဒါကြောင့် ပူတာအို ခရိုင်ထဲမှာပါဝင်တဲ့ မချမ်းဘော ၊ နောင်မွန် ဒေသတွေက ရဝမ်မျိုးနွယ်စု တိုင်းရင်းသားတွေ ခံစစ်ပြင်ထားကြဖို့ကိုလည်း ဝါဒဖြန့် ချန်နယ်က လှုံ့ဆော်ထားတာတွေ့ရပါတယ်။
Kyaw Swar – https://t.me/kyawswar49111/18544 (Views 52.1K)
အခြား စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်ဖြစ်တဲ့ မှိုင်းဝေကလည်း မြန်မာပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်တလျောက်မှာနေထိုင်တဲ့ လောဝေါ်၊ လာချိတ် ၊ ရဝမ် ၊ လီဆူ မျိုးနွယ် စုတွေအပေါ် ဂျိန်းဖောလူမျိုးကြီးဝါဒနဲ့ KIA က ကျုးကျော်မှုတွေ ပြုလုပ်နေတယ်လို့ ဖြန့်ဝေပါတယ်။
အရင်ကလည်း ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်မှာ KIA ဂျိန်းဖောအုပ်စုက ကချင်မျိုးနွယ်စုဝင် လူနည်းစုတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့်ချန်နယ်က စွပ်စွဲထားပါတယ်။
ဒါပေမယ့် စွပ်စွဲထားတဲ့အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ သက်သေအ ထောက်အထားကို ထည့်သွင်းဖော်ပြတာ မရှိပါဘူး။
ကချင်မျိုးနွယ်စုတွေရဲ့ နယ်မြေတွေကို KIA ကျုးကျော်နေတယ်လို့ မှိုင်းဝေတယ်လီဂရမ် ချန်နယ်က ဝါဒဖြန့်ရာမှာ ပန်ဝါမြို့အနီး တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်နားမှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေရဲ့ရုပ်သံကိုပါ ထည့်သွင်းအသုံးပြုထားတာတွေ့ရပါတယ် ။တကယ်တော့ KIA က ပန်ဝါကိုအချိန်တိုအတွင်းသိမ်းနိုင်ခဲ့တာမို့ စစ်ဘေးရှောင်တွေဟာ ခဏသာတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။
မှိုင်းဝေ – https://t.me/hminewai/61864 (Views 68.4K)
▪︎ အချက်အလက်စစ်ဆေးမှု
ကချင်ပြည်နယ် တရုတ်-မြန်မာ နယ်စပ်မျဉ်းတစ်လျောက်က ကချင် အထူးဒေသ(၁) နယ်မြေတစ်ခုလုံးနီးပါးကို KIA က သိမ်းပိုက်ထားပြီး ဒေသတွင်း စည်းရုံးရေးနဲ့ နယ်မြေ ရှင်းလင်းရေးလုပ်နေတယ်လို့ မြန်မာနောင်းမ် က နိုဝင်ဘာလ ၆ ရက်က သတင်းရေးသားပါတယ်။
အထူးဒေသ (၁) နယ်မြေဖြစ်တဲ့ ပန်ဝါ ၊ ချီဖွေ၊ ဆော့လော်၊ ဆဒုံး၊ ဖီမော်၊ ကန်ဖန့် ဒေသတွေကို သိမ်းယူထားပြီး လက်နက်မချသေးတဲ့ ပြည်သူ့စစ်တပ်ဖွဲ့အချို့ကို စည်းရုံးနေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
၂၀၂၄ မတ်လကစတင်တဲ့ ထိုးစစ်အတွင်းမှာ ရှမ်းမြောက်က မဘိမ်းမြို့ ၊ ကချင်ပြည်နယ်က ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက် နဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို KIA က သိမ်းယူထားနိုင်ခဲ့ပါတယ်။
Myanmar Now – https://myanmar-now.org/mm/news/59002/
ကချင်အထူးဒေသ (၁) ပါတဲ့ ကန့်ဖန်ဒေသကို သိမ်းပြီးနောက် ဝင်ရောက်လာတဲ့ KIA တပ် တွေကိုဒေသခံတွေက ကြိုဆိုခဲ့ကြတယ်လို့ NUG အစိုးရ သယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က သူရဲ့ ဖေ့ဘွတ်ခ်မှာ နိုဝင်ဘာ ၄ ရက် က ရေးသားပါတယ်။
Dr.Tu Hkawng –
https://www.facebook.com/share/1EaPuR2Y2i
တရုတ် – မြန်မာနယ်စပ်မှာရှိတဲ့ ကန်ဖန့်ဒေသမှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်(BGF)တွေဟာ KIA ပူးပေါင်းတပ်ထံ လက်နက်အပ်ပြီး ပူးပေါင်းခဲ့သလို ဒေသခံတွေကလည်း KIA ဦးဆောင်တဲ့ မဟာမိတ်တွေကို ကြိုဆိုခဲ့ကြတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက People’s Spring ကို ပြောခဲ့ပါတယ် ။
“ကန်ဖန့်မှာကတော့ ပြည်သူလူထုတွေ အားလုံးကတော့ ကျနော်တို့ KIA တပ်ဖွဲ့ဝင်တွေ ဝင်လာတာကို ကြိုဆိုတာရှိပါတယ်။ အဲဒီဘက်မှာကတော့ ပြည်သူ့စစ်တို့ BGFတို့တော့ ရှိတာပေါ့။ ဒါပေမဲ့အားလုံးကတော့ ကျနော်တို့ KIA တပ်ပေါင်းစုဆီမှာ ပူးပေါင်းသွားပါပြီ။ အဲဒီဘက်မှာ တိုက်ပွဲလည်းမရှိပါဘူး။ သေနတ်ဖောက်သံတွေလည်း မရှိပါဘူး။ အားလုံး ကျနော်တို့ တိုင်းရင်းသားညီအကိုအချင်းချင်းဆိုတော့ အားလုံးက အမြင်မှန်ရပြီးတော့ ပူးပေါင်းသွားတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုလည်း ဝမ်းမြောက်ဝမ်းသာ အားပါးတရ ကြိုဆိုလက်ခံတာကို တော်တော်တော့ ပြန့်နေပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောခဲ့တာပါ။
ဒါ့အပြင် KIA နဲ့ မဟာမိတ်တပ်တွေက စစ်တပ်စခန်း ၊ ပြည်သူ့စစ်စခန်း ၊ နယ်ခြားစောင့် စခန်းတွေကို တိုက်တဲ့အခါ ဒေသတွင်းတခြား လူမျိုးစုတိုင်းရင်းသားတွေလည်းပါဝင်ပါတယ် ။
ရ၀မ်တိုင်းရင်းဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲမှာ ရဝမ်းတိုင်းရင်းသားရေးရာ၀န်ကြီး အဖြစ်အနိုင်ရထားတဲ့ ဦးချန်းဆင်ဇီ(ခ)ချန်းဂျော်ရမ် ဟာ KIA နဲ့အတူ ထိုးစစ်ဆင်နေရင်း ဖီမော်ဒေသ စစ်ဆင်ရေးမှာ နာမကျန်းဖြစ်ပြီး ၂၀၂၄ခုနှစ် နို၀င်ဘာလ ၂၇ ရက် ညမှာကွယ်လွန်ခဲ့ပါတယ်။ အသက် ၅၀ အရွယ်ခန့် ဦးချန်းဂျော်ရမ်ဟာ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဦးဆောင်ကော်မတီ၀င် တဦးဖြစ်ပြီး စစ်အာဏာရှင်တော်လှန်ရေးကို စိတ်ခွန်အားထက်သန်စွာလုပ်ခဲ့သူဖြစ်ပါတယ်။ စစ်အာဏာရှင်ကိုဖြုတ်ချပြီး အုပ်ချုပ်ရေးအာဏာကို ပြည်သူများထံအပ်နှံသွားမယ်လို့ ကတိပြုထားသူလည်းဖြစ်ပါတယ်။ ဒီသတင်းကို People’s Spring မှာဖော်ပြထားပါတယ် ။
ချန်းဂျော်ရမ် အပါအဝင် ရဝမ်တိုင်းရင်းသားတွေပါဝင်တဲ့ ခါကာဘိုပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(KPF) ဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် KIA နဲ့ပူးပေါင်းတိုက်ခိုက်နေကြတာဖြစ်ပါတယ် ။
KIO ကလည်း နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကချင်အထူးဒေသ(၁)နယ်မြေနဲ့သက်ဆိုင်တဲ့ ထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့တာမှာ ကချင်အထူးဒေသ (၁)ဆိုပြီးစစ်အာဏာရှင်တွေရဲ့ သွေးခွဲခဲ့တဲ့လုပ်ရပ်ကြောင့် ကချင်လူမျိုးတွေရဲ့စည်းလုံးညီညွတ်မှုကို ထိခိုက်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကချင်လူမျိုးများသာမက ကချင်ဒေသအတွင်းရှိ တဲ့တိုင်းရင်းသားပြည်သူတွေ စိတ်ဝမ်းကွဲမှု မရှိဘဲ အတူတကွတန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ (၁) ဟု ခွဲခြားသတ်မှတ် ထားသောနယ်မြေများကို တပေါင်းတစည်းတည်းဖြစ်အောင် အရယူခဲ့ရခြင်းဖြစ်ပြီးတော့ ယခု(နိုဝင်ဘာ ၂၈)မှ စ၍ ကချင် အထူးဒေသ (၁) ဟူသော သတ်မှတ်ချက် မရှိတော့ဘူးလို့ကြေညာခဲ့ပါတယ် ။
ဒါ့အပြင် ပြည်သူလူထုရဲ့စီးပွားရေး၊ လူမှုရေးများ ဆုံးရှုံးထိခိုက်မှုမဖြစ်စေပဲ လူသားခြင်းစာနာ ထောက်ထားမှုအခြေခံသည့်မူဝါဒနဲ့ ဖွံ့ဖြိုးတိုးတက်ရေအတွက် အစွမ်းကုန် ပြန်လည်ကြိုး စား တည်ဆောက်သွားမယ်လို့လည်း အသိပေးခဲ့ပါတယ်။
■ KIA တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးနှင်ထုတ်သတ်ဖြတ်နေပြီလို့ ဝါဒဖြန့်
နယ်စပ်ဂိတ်တွေကို တရုတ်အစိုးရက ပိတ်လိုက်တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ KIA က ထိန်းချုပ်နယ်မြေတွေမှာ ရှိနေတဲ့ တရုတ်လူမျိုးတွေကို ဖမ်းဆီးနှင်ထုတ်တာတွေ ပြုလုပ်နေတယ်လို့ စစ်တပ်ဝါဒဖြန့် ချန်နယ် မှိုင်းဝေက သတင်းဖြန့်နေပါတယ်။
KIA ကြီးစိုးတဲ့နေရာတွေမှာရောက်ရှိနေတဲ့ တရုတ်လူမျိုး တွေကို KIA တပ်ကလိုက်လံဖမ်းဆီးပြီး နှင်ထုတ်နေသလို ပြန်ပေးဆွဲတာမျိုးလည်း ပြုလုပ်နေတယ်လို့ စစ်တပ်ဝါဒဖြန့် မှိုင်းဝေ တယ်လီဂရန်ချန်နယ် က နိုဝင်ဘာ ၁၅ ရက်မှာဝါဒဖြန့်ပါတယ်။
တရုတ်နယ်စပ်မှာအခြေချ တဲ့ KIA ဟာ အမေရိကန် CIA အားကိုးနဲ့အာခံနေတာ ဖြစ်ပြီး တရုတ်နဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီး KIA ကို ကောင်းကောင်းပညာပေးဖို့ လိုနေပြီလို့လည်း ရေးသားပါတယ်။
မှိုင်းဝေ – https://t.me/hminewai/62711 (Views 47.1 K)
KIA တပ်ဖွဲ့ ဆိုတာက မြန်မာနဲ့ တရုတ်ကြားမှာ ကြားခံအဖြစ် တချိန်က တရုတ်ထောက်ပံ့ပေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပေမယ့် လက်ရှိမှာတော့ တရုတ်ဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တာ ခံနေရပြီလို့ ဝါဒဖြန့် ချန်နယ်က ရေးသားပါတယ်။
■ အချက်အလက်စစ်ဆေးမှု
စစ်တပ်ဝါဒဖြန့် ချန်နယ်က စွပ်စွဲဝါဒဖြန့်သလို တရုတ်နိုင်ငံသားတွေကို KIA ကဖမ်းဆီးပြီး နှင်ထုတ်နေ တယ်ဆိုတဲ့ သတင်းကို ကချင်ပြည်နယ် ဒေသတွင်းသတင်းဌာနတွေနဲ့ ယုံကြည်စိတ်ချရတဲ့ပြည်တွင်း သတင်းဌာနတွေမှာ ဖော်ပြတာမတွေ့ရပါဘူး။
ဒါပေမယ့် တရုတ်က ပိတ်ထားတဲ့ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကို KIA ကလည်း မြန်မာဘက်ခြမ်း ကချင်ပြည်နယ်ဘက်ကနေ ပြန်လည်ပိတ်လိုက်တယ်လို့ RFA မြန်မာပိုင်း၊ မဇ္ဈိမနဲ့ သတင်းဌာနအများစုက ရေးသားဖော်ပြပါတယ်။
KIA ဌာနချုပ်ရှိရာ လိုင်ဇာဂိတ် ၊ မိုင်ဂျာယန်ဂိတ်နဲ့ ပန်ဝါနယ်စပ်ဂိတ်တွေ ဖြစ်တယ်လို့ မိုင်ဂျာယန်ဒေသခံတစ်ဦးရဲ့ ပြောပြချက်ကို ကိုးကားပြီး RFA က ရေးသားပါတယ်။
RFA Burmese –
https://www.rfa.org/…/kia-border-gates-closed-china…
Mizzima News –
https://bur.mizzima.com/2024/11/14/38904
ဒါအပြင်ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ထဲမှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်က တရုတ်နိုင်ငံသားအစောင့် တဦးကို KIA က သတ်ဖြတ်လိုက်တယ်ဆိုပြီး စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အချို့က ဒီဇင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ဖြန့်ဝေပြန်ပါတယ်။
ဒီဇင်ဘာလ ၂၃ ရက် ညပိုင်းက ချီဖွေမြို့နယ် လဂွေကျေးရွာနဲ့ တရုတ် – မြန်မာနယ်စပ်မှတ်တိုင် အမှတ်(၇) ကြားမှာ တရုတ်နိုင်ငံသားသတ်ဖြတ်ခံရ တာလို့ဆိုပါတယ်။
မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်ဆီ KIA တပ်ဖွဲ့ဝင်တွေ ရောက်ချလာပြီး တဦးတည်းရှိနေတဲ့ တရုတ်နိုင်ငံသားအစောင့်ကို သတ်ဖြတ်ပြီးတော့ မြေရှားသတ္တုအိတ် ၂၀ ခန့်ကိုလည်း ခိုးယူသွားတယ်လို့စွပ်စွဲဝါဒဖြန့်ပါတယ်။
ဒီဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ပေးဖို့ ယူနန်ပြည်နယ်၊ ထိန်ချုံးခရိုင်၊ မင်ကွမ်းရွာက တရုတ်ရဲတပ်ဖွဲ့က KIA ထံ တောင်းဆိုထားတာကို သတင်းရထားတယ်လို့လည်း ဆိုပါတယ်။
ကချင်အထူးဒေသ(၁) နယ်မြေကို KIA က ကျုးကျော်သိမ်းယူပြီးနောက် တလအတွင်းမှာ သတ်ဖြတ်ခံရတဲ့ တရုတ်နိုင်ငံသား အလုပ်သမား ၅ ဦးထိရှိလာပြီး တရုတ်ရဲတွေက စုံစမ်းနေတယ်လို့ ဝါဒဖြန့်ချိပါတယ်။
အဆိုပါဝါဒဖြန့်ဝေချက်ကို နေပြည်တော် ၊ မြစ်ဆုံသတင်းဌာန ၊ ကချင်ပြည်နယ်သတင်းစုံ စတဲ့ တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေထားကြပါတယ်။
နေပြည်တော် – https://[t].me/KKM28640/9546 (Views 15.3K)
မြစ်ဆုံသတင်းဌာန – https://[t].me/myitsone1990/4940 ( Views 2.9K)
ကချင်ပြည်နယ်သတင်းစုံ – https://[t].me/kachinstatenews90/1011 (Views 354)
ကချင်ပြည်နယ်ဒေသတွင်းသတင်းဌာနတွေနဲ့ ယုံကြည်စိတ်ချရတဲ့ ပြည်တွင်းသတင်းဌာနတွေမှာရော၊ တရုတ်သတင်းဌာနတွေမှာရော ချီဖွေမြို့နယ်ထဲမှာ တရုတ်နိုင်ငံသား သတ်ဖြတ်ခံရတဲ့သတင်းကို ဖော်ပြတာမျိုးမတွေ့ရပါဘူး။
ဒါအပြင် တရုတ်နိုင်ငံသားတွေနဲ့ပတ်သက်ပြီး ထူးခြားတဲ့သတင်းတွေရှိရင် သတိပေးတာ၊ ထုတ်ပြန်တာတွေလုပ်လေ့ရှိတဲ့ တရုတ်သံရုံးကလည်း တစုံတရာထုတ်ပြန်တာမရှိပါဘူး ။
ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက နိုဝင်ဘာ ၂၈ရက်နေ့မှာ ကချင်အထူးဒေသ (၁) ဟူသော သတ်မှတ်ချက် မရှိတော့ပဲ ဋ္ဌာနေပြည်သူတွေ ၊ ရင်းနှီးမြှုပ်နှံသူတွေအားလုံး စိုးရိမ်စိတ်မထားဘဲ KIO နဲ့ ပူးပေါင်းပြီးတော့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွတည်ဆောက်သွားကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
KIO ဗဟိုကော်မတီဝင်တဦးဖြစ်သလို ကချင်လွတ်လပ်ရေးကောင်စီ(KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း အဆိုပါကြေညာချက်ကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ”ဖိတ်ခေါ်အပ်ပါသည်” လို့ ရေးသားပြီး ဖြန့်ဝေခဲ့ပါတယ်။
https://www.facebook.com/share/p/19hTGE8mrj
■ သုံးသပ်ချက်
ဒါကြောင့် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေဟာ KIA ကို တရုတ်အစိုးရနဲ့ တရုတ်နိုင်ငံ အထင်အမြင်လွဲအောင် ၊ မြန်မာပြည်သူတွေ အထင်လွဲအောင် သတင်းအမှား တွေမကြာခဏဖြန့်ချိတာတွေ့ရပါတယ်။ အထူးသဖြင့် တရုတ်အစိုးရရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ အမေရိကန်နိုင်ငံက CIA အမည်ကို အသုံးချပြီး ဝါဒဖြန့်ချိမှုကို အကြိမ်ကြိမ်ပြုလုပ်ခဲ့တာတွေ့ရပါတယ်။
ဒါ့အပြင် KIA နဲ့ ပတ်သက်ပြီး KIO/KIA အပေါ်ထိခိုက်နိုင်တဲ့ သတင်းအကြောင်း အရာစုံကို ဝါဒဖြန့်ချိပါတယ်။ ဝါဒဖြန့်ချိမှုတွေ စီစစ်တဲ့အခါမှာ သတင်းအမှားတွေက အများစုဖြစ်ပြီး သတင်းမှန်က အနည်းငယ်သာပါဝင်ပါတယ်။ ဒါ့အပြင် KIA က စစ်တပ်စခန်းတွေ ၊ မြို့တွေသိမ်းတဲ့ ထိုးစစ်ဆင်နေတဲ့ ဒီကာလမှာတောင် KIA စစ်ရေး အရေးနိမ့်နေပြီ ၊ KIA က ပန်ဝါ မြို့ကိုမသိမ်းနိုင်သေးဘူးစတဲ့ သတင်းမျိုးတွေကိုတောင် ဖြန့်ဝေတက်ပါတယ်။
လက်တွေ့မြေပြင်မှာတော့ KIA နဲ့ မဟာမိတ်တွေဟာ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ကန်ပိုက်တီမြို့တွေကို သိမ်းပိုက်ခဲ့သလို မံစီမြို့နယ်က စစ်တပ်လက်ကျန်တပ်ရင်းတွေကိုပါ ဒီ ၄ လအတွင်း သိမ်းပိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၄ ရက်ကစပြီး ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကိုပါ ဆင်နွှဲနေပါတယ်။ ။