ဧပြီ-၁၁၊၂၀၂၅။ဟန်နွေ/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့ /ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) တို့ကြားဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် ညှိနှိုင်းနေစဉ် PSLF/TNLA အထွေထွေအတွင်းရေးမှူးဗိုလ်ချုပ်တာဘုန်းကျော်၏ ဖေစ့်ဘွတ်ခ်အကောင့် ပုံစံကို Photoshop ဖြင့်ပြုပြင်၍ ၎င်းမရေးသောစာများဖြန့်ဝေ၍ သတင်းအမှားဖြန့်ချီမှုဖြစ်ပွားခဲ့သည်။
ဗိုလ်ချုပ်တာဘုန်းကျော် အသုံးပြုနေသည့် Mai Tea Land အမည်ဖေ့စ်ဘွတ်ခ် အကောင့် ပုံစံတူ ပြုလုပ်ပြီး ဗိုလ်ချုပ်တာဘုန်းကျော် အမှန်တကယ် ရေးသားခြင်းမရှိသည့်စာများကိုရေးသားသည်ဆိုကာ ၊ စာနှင့်ပုံကို Screenshot လုပ်ထားသည့်ပုံစံဖြစ်အောင် Photoshop ဖြင့်ပြုပြင်၍ သတင်းအမှားဖြန့်ဝေနေခြင်းဖြစ်သည်။
“မိတ်ဆွေစစ်ဖြစ်ရင် ရှည်ရှည်ဝေးဝေး ဆွေးနွေးစရာ မလိုဘူး။ … ။ကျုပ်တို့ရဲ့ အဝန်းအဝိုင်းထဲက မိတ်ဆွေတို့ ထွက်ခွာပေးရန် ” ဟူ၍ ဗိုလ်ချုပ်တာဘုန်းကျော်က KIO ခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်ချုပ်ဂွန်မော်၏စာကို တုံ့ပြန်ရေးသည့်ပုံစံဖြင့် နှစ်ဖက် အထင်အမြင်မှားစေမည့် စာရေးသာကာ အဆိုပါ ရေးသားချက် Screenshot ပြုလုပ်ပြီး သွေးခွဲမှု လုပ်ဆောင်နေခြင်းဖြစ်သည်။

Public Service Announcement
အဆိုပါ Screenshot သည် အတုဖြစ်သည်ဟု ကာယကံရှင် ဗိုလ်ချုပ်တာဘုန်းကျော်က ဧပြီ ၁၀ ရက် ညပိုင်း၌ People’s Spring ၏ မေးမြန်းမှုအပေါ် ပြောပြသည်။
အဆိုပါ Screen Shot ပုံစံ သတင်းအမှားဖြန့်နေသောပုံကိုသေချာစစ်ဆေးသောအခါPhotoshop ဖြင့်ပြုပြင်ထားသည်ကိုတွေ့ရသည်။ အကောင့်အမည်မှာ ပုံမှန်ထက် Bold ဖြစ်နေခြင်း ၊ Mai Tea Land ဖေစ်ဘွခ်အကောင့် မျက်နှာပြင်တွင်မရှိသော မျှဥ်း (Line )တစ်ခုပိုနေခြင်း ၊အကောင့်အစစ်တွင် နောက်ဆုံးတင်ထားသော ပိုစ်တစ်ခုမပါဘဲ ယင်းမတိုင်ခင်က ပိုစ်ပါနေခြင်း စသဖြင့် Photoshop ဖြင့်ပြုပြင်ထားကြောင်းသိသာစေသောအချက်များစွာတွေ့ရသည်။
Screen Shot အတုကို ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ ဆိုသည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာက ဧပြီ ၉ရက်ညကစတင်ခဲ့သည်ကို တွေ့ရသည်။ ထိုနောက် အဆိုပါစာကို အစစ်ထင်ပြီး ဧပြီ ၁၀ ရက်တွင်ထပ်ဆင့်ဖြန့်ဝေသူများလာလာသည်။ ဖြန့်ဝေသူများတွင် တော်လှန်ရေးနှင့်ဆက်စပ်သောအကောင့်များ၊ပေချ်များပင်ပါနေသည်ကိုတွေ့ရသည်။
ထိုအပြင် Screenshot အတုကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ဧပြီ ၁၀ ရက်တွင် ပြန်လည်ဖြန့်ဝေပြီး သွေးခွဲနေမှုများကိုလည်းတွေ့ရသည်။
ဖေစ်ဘွခ်က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်နှင့် ပတ်သက်သော အကောင့်များ ၊ပေချ်များ ၊ဂရုများကို ဖြုတ်ချ အရေးယူခဲ့သည်။သို့သော်လည်းယခုနောက်ပိုင်းတွင် ဖေစ်ဘွခ်က အချက်အလက်စစ်ဆေးပေးကာ သတင်းအမှားတိုက်ဖျက်ပေးသော လုပ်ငန်းစဥ်များကို ရပ်နားလိုက်သဖြင့် ယခုလပိုင်းအတွင်းဖေစ်ဘွခ်တွင် စစ်တပ်နှင့်ပတ်သပ်သောအကောင့်များ၊ပေချ်များ၊ဂရုများပိုများလာပြီး သတင်းအမှားဖြန့်ဝေမှု ၊ဝါဒဖြန့်ချီမှု ၊နွေဦးတော်လှန်ရေးနှင့်ပတ်သက်၍ သွေးခွဲမှုများ ပိုမိုများပြားလာသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ အောက်ခြေတပ်ဖွဲ့ဝင်များကြား ပြဿနာအချို့ ဖြစ်ခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ /ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) တို့အကြား ဆွေးနွေးပွဲအတွက် ရှေ့ပြေး ညှိနှိုင်းရေးများ စတင်နေပြီဖြစ်ကြောင်း KIO ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က ဧပြီ ၉ ရက်တွင်စာရေးသား အသိပေးခဲ့သည်။ ထိုစာရေးသားပြီး နာရီပိုင်းအကြာ ဧပြီ ၉ ရက်ညတွင် အထက်ပါကဲ့သို့ စာအတုထွက်ပေါ်လာခြင်းဖြစ်သည်။
