အာဏာသိမ်း စစ်ကောင်စီ အားပေး တယ်လီဂရမ် ( Telegram) လူမှုကွန်ရက်တွေ မှာ “NUG ရဲ့နွေဦးထီ အရှုံးပေါ်နေသည့်အတွက် ရပ်နားတော့မည်” လို့ သတင်းအမှားကို ဒီရက်ပိုင်းမှာဖြန့်ဝေလာပါတယ်။
အဲဒီသတင်းမှားကို Ka Ka Han တယ်လီဂရမ် ချန်နယ်က စက်တင်ဘာ ၁၃ ရက် မနက် ၉ နာရီ ၁၆ မိနစ်မှာ ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူ ၁၂ ,၈၆၅ ဦးရှိခဲ့ပါတယ်။
ဖြန့်ဝေမှုကို အခုလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။( https://archive.ph/ac7sP)
အဲဒီဖြန့်ဝေမှုဟာ People’s Spring သတင်းဌာနရဲ့ စိစစ်ချက်အရ သတင်းအမှား ဖြစ်တာကိုတွေ့ရပါတယ်။

Public Service Announcement
နွေဦးထီကို ဦးဆောင်လုပ်ကိုင်နေတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက နွေဦးထီ ရပ်နားဖို့ အစီအစဉ်မရှိဘူးလို့ People’s Spring သတင်းဌာနကို စက်တင်ဘာလ ၁၅ ရက်မှာ အတည်ပြုပါတယ်။
နွေဦးထီ ၂ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အခုလ စက်တင်ဘာလ၁ ရက်မှာ အပတ်စဉ် ၂၂ အတွက် ထီဆုပေါင်း ၁၂၁ ဆု၊ ကျပ်သိန်း ၃၅၀ ဖိုးခန့် ထီဆုမဲတွေ ဖွင့်လှစ်ပေးခဲ့ပါတယ်။
အပတ်စဉ် ၂၂ ရဲ့ ထီပေါက်စဉ် ကြေညာရာမှာ ကျပ်သိန်း ၁၀၀ အထူးဆု ၊ ကျပ် ၁၅ သိန်း ၊ကျပ် ၅ သိန်း နဲ့ ကျပ် ၁ သိန်း ကံထူးရှင်တွေ မှာ CDM ဝန်ထမ်းတွေလည်းပါဝင်ခဲ့ပါတယ်။
ဒီလို အပတ်စဉ် ၂၂ ရဲ့ ကံထူးရှင်တွေထဲမှာ CDM တွေလည်းပါတာကို CDM Success Committee တာဝန်ရှိသူတစ်ဦးက Radio NUG ကို အတည်ပြုဖြေဆိုထားပြီး အဲဒီသတင်းကို နွေဦးထီ ဦးစီးလုပ်ကိုင်နေတဲ့ NUG ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
CDM တွေ နွေဦးထီကံထူးတဲ့အကြောင်း NUG ဒုဝန်ကြီး ဦးမင်းဇေယျာဦးရဲ့ ဖော်ပြချက်
( https://www.facebook.com/photo?fbid=3549815185277568&set=a.1454414701484304)
ဒါ့ကြောင့် စစ်ကောင်စီအားပေး တယ်လီဂရမ် ချန်နယ် ဖြန့်ဝေခဲ့တဲ့ ’NUG ရဲ့နွေဦးထီ အရှုံးပေါ်နေသည့်အတွက် ရပ်နားတော့မည်’ ဆိုတာ သတင်းအမှားသာ ဖြစ်ကြောင်း People’s Spring က စိစစ်တွေ့ရှိပါတယ်။
စစ်ကောင်စီကို အကြမ်းမဖက်အာဏာဖီဆန်တဲ့ (CDM) လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကို ထောက်ပံ့ဖို့ နွေဦးထီဆိုတဲ့ အွန်လိုင်းထီကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်မှာ NUG က စတင်မိတ်ဆက်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှာတော့ အပတ်စဉ် ၁ အဖြစ် ထီဆုတွေဖွင့်လှစ်ပေးခဲ့ပါတယ်။
နွေဦးထီရောင်းချလို့ရတဲ့ ဘဏ္ဍာငွေစုစုပေါင်းထဲက ၇၀ ရာခိုင်နှုန်းကို CDM တွေကိုထောက်ပံ့ပြီး ၃၀ ရာခိုင်နှုန်းကို ထီဆုပြန်ဖွင့်ပေးတာပါ။


















































