PDF စခန်း တစ်ခုမှာ ထမင်းချက်ပြုတ်ကျွေးနေတဲ့ အမျိုးသမီးကြီး သတ်ဖြတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းမှားတစ်ခုကို အာဏာသိမ်းစစ်ကောင်စီ အားပေး တယ်လီဂရမ်(Telegram) က ဖြန့်ဝေနေပါတယ်။
ထမင်းချက်ကျွေးသူအမျိုးသမီး ကို PDF တပ်ဖွဲ့ဝင်က လည်ပင်းညှစ်သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းမှားကို အမျိုးသမီးရဲ့ ဓာတ်ပုံနဲ့ အတူ ” မှိုင်းဝေ” အမည်နဲ့ တယ်လီဂရမ် ချန်နယ်က စက်တင်ဘာလ ၁၆ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၅၄ မိနစ်မှာ စတင်ဖြန့်ဝေပါတယ်။
သတင်းမှားဖြန့်ဝေပုံကို အခုလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
( https://t.me/hminewai/37861)
အဲဒီ သတင်းမှားကို ကြည့်ရှုသူ ၂၃,၀၀၀ ရှိတာတွေ့ရပါတယ်။
People’s Spring သတင်းဌာနက စိစစ်ရာမှာ အမျိုးသမီးဟာ NUG အစိုးရ လက်အောက်ခံ ပခုက္ကူခရိုင် PDF တပ်ရင်း ၁၄ ၊ တပ်ခွဲ ( ၂) ရဲ့ တော်လှန်ရေးရဲမေ ဒေါ်လှမှီ ဖြစ်ပြီး ထမင်းချက် တာဝန်ထမ်းဆောင်သူဖြစ်တယ်လို့သိရပါတယ်။
ဒေါ်လှမှီဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်မှာ အသည်းနဲ့သက်ဆိုင်တဲ့ ရောဂါနဲ့ သေဆုံးသွားတယ်ဆိုတာကို အနီးကပ် နေထိုင်ခဲ့ကြတဲ့ PDF တပ်ဖွဲ့ဝင် ကို ကိုးကားပြီး Mandalay Free Press – MFP သတင်းဌာန က စက်တင်ဘာလ ၁၆ ရက် မှာ သတင်းဖော်ပြထားပါတယ်။
MFP သတင်းဌာနရဲ့ဖော်ပြချက်
( https://www.facebook.com/mandalayfreepress/posts/360314809660979)
စစ်ကောင်စီအားပေး မှိုင်းဝေ တယ်လီဂရမ် ချန်နယ်က သတင်းမှားဖြန့်ဝေရာမှာ MFP သတင်းဌာနက ဒေါ်လှမှီ အကြောင်းတင်ဆက်တဲ့သတင်းမှာ ဖော်ပြတဲ့ ဓာတ်ပုံတွေ ကို ထည့်သွင်း အသုံးပြုထားတာတွေ့ရပါတယ်။
ဒေါ်လှမှီ တာဝန်ထမ်းဆောင်ခဲ့တဲ့တပ် ပခုက္ကူခရိုင် PDF တပ်ရင်း ၁၄ ၊ တပ်ခွဲ ( ၂)ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာလည်းမှာ ဒေါ်လှမှီရဲ့ နောက်ဆုံးခရီးကို အသိပေးဖော်ပြထားပါတယ်။
ဒေါ်လှမှီဟာ အသက် ၄၀ ကျော်အရွယ်ရှိပြီဖြစ်ပြီး ဆယ်ကျော်သက် လူငယ်တွေပဲရှိတဲ့ PDF စခန်းမှာ မိခင်တစ်ဦးသဖွယ် စာရေး သောက်ရေးအဆင်ပြေစေဖို့ ချက်ပြုတ်ရေးတာဝန်လုပ်ဆောင်ပေးသူဖြစ်တယ်လို့ ပခုက္ကူခရိုင် PDF တပ်ရင်း ၁၄ ၊ တပ်ခွဲ ( ၂)က ဖော်ပြထားပါတယ်။
ဒေါ်လှမှီသေဆုံးရတဲ့အကြောင်းကိုလည်း နေမကောင်းဖြစ်နေချိန် လမ်းပန်းအဆင်မပြေတာကြောင့် ဆေးခန်းပြဖို့ နောက်ကျခဲ့တာဖြစ်တာလို့ ပခုက္ကူခရိုင် PDF တပ်ရင်း ၁၄ ၊ တပ်ခွဲ ( ၂)ရဲ့ဖော်ပြချက်မှာတွေ့ရပါတယ်။
ပခုက္ကူခရိုင် PDF တပ်ရင်း ၁၄ ၊ တပ်ခွဲ ( ၂) ရဲ့ဖော်ပြချက်
(https://www.facebook.com/permalink.php?story_fbid=274157492043088&id=100083465162079)
အခုလို သတင်းမှားဖြန့်တဲ့ မှိုင်းဝေ တယ်လီဂရမ် ချန်နယ်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှာ စတင်ဖွင့်လှစ်ထားတာကိုစိစစ်တွေ့ရပါတယ်။