တိုက်ပွဲတွေကြောင့် တရုတ် − မြန်မာ နယ်စပ်က လောက်ကိုင်မြို့မှာ ပိတ်မိနေသူတွေ အုပ်လိုက်ကြီး လောက်ကိုင်ကနေ လားရှိုးဘက်ဆီ လမ်းလျှောက်ဆင်းလာတယ်ဆိုတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံနှံနေပါတယ်။
လောက်ကိုင် − ချင်းရွှေဟော် − လားရှိုး ၃ ရက်ခရီးဆိုတဲ့ စာသားနဲ့ ရုပ်သံဖိုင်ကို Facebook ၊ Tiktok လူမှုကွန်ရက်တွေမှာ နိုဝင်ဘာလ ၄ ရက် နေ့လယ်ပိုင်းကစတင်ပြီး ပျံနှံတာကို စိစစ်တွေ့ရပါတယ်။
၃၄ စက္ကန့်သာကြာမြင့်တဲ့ ရုပ်သံဖိုင်ထဲမှာ အမျိုးသား၊အမျိုးသမီး အသက်အရွယ်အစုံပါတဲ့ လူအုပ်ကြီးဟာ တစ်နေရာဆီ ဦးတည် လမ်းလျှောက်နေတာကိုရိုက်ယူထားတာပါ။
Facebook လူမှုကွန်ရက်မှာ ဖြန့်ဝေမှုတစ်ခုကို ဒီ လင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။ (https://www.facebook.com/10008045…/videos/1300053237379986)
အဲဒီရုပ်သံဖိုင်မှာ ပါရှိတဲ့ လမ်းအမှတ်အသားတွေကို Google Map ၊ Google Earth တို့က စစ်ဆေးကြည့်ရှုရာမှာ လောက်ကိုင် − ချင်းရွှေဟော် လမ်းပိုင်းမှာမတွေ့ရပါဘူး။
မြန်မာနိုင်ငံ ချင်းရွှေဟော်နဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ မိန်းတိန်မြို့က လမ်းမှာတော့ ရုပ်သံဖိုင်ထဲမှာ ပါတဲ့ လမ်းအမှတ်အသားကို တွေ့ရပါတယ်။
ဒါအပြင် လောက်ကိုင်မြို့မှာ နေထိုင်တဲ့ ဒေသ ၂ ဦးက ရုပ်သံဖိုင်တွေ့ရတဲ့ လမ်းဟာ လောက်ကိုင်မြို့မှာရှိတဲ့ လမ်းမဟုတ်ဘူးလို့ အတည်ပြုပေးပါတယ်။
ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာနကလည်း လောက်ကိုင်ကနေ လမ်းလျှောက်ပြန်တယ်ဆိုတဲ့ ရုပ်သံဖိုင်ဟာသတင်းမှားဖြစ်တယ်လို့ စိစစ်ဖော်ပြထားတာရှိပါတယ်။
ရွှေဖီမြေသတင်းဌာနရဲ့ ဖော်ပြချက်ကို အောက်ပါ လင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
(https://www.facebook.com/shwepheemyaynews/posts/661612379479363)
ဒါအပြင် ချင်းရွှေဟော်မြို့ကို သိမ်းထားတဲ့ ကိုးကန့်တပ် (MNDAA) အပါအဝင် မြောက်ပိုင်းညီနောင် သုံးဖွဲ့ကလားရှိုး မှ ချင်းရွှေဟော် လမ်းပိုင်းကို အောက်တိုဘာလ ၂၇ ရက် မြန်မာစံတော်ချိန် မနက် ၆ နာရီကနေ စတင်ပြီး ဖြတ်သန်းသွားလာခွင့်ပိတ်ပင်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ကြေညာချက်လင့်ခ်
( https://www.facebook.com/Kokang311/posts/773540914785821)
အထက်ပါ စစ်ဆေးတွေ့ရှိချက်တွေအရ လူအုပ်ကြီး လောက်ကိုင်ကနေ လားရှိုးဆီ လမ်းလျှောက်ဆင်းလာတယ်ဆိုတဲ့ ရုပ်သံဖိုင် ဟာ မြန်မာပြည်တွင်းမှာ ရိုက်ယူထားတာမဟုတ်ဘဲ သတင်းမှားဖြစ်ပါတယ်။