Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

Delta Plus ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ဘယ်လောက်ထိ စိုးရိမ်စရာ ဖြစ်နိုင်သလဲ

“ကူးစက်နှုန်းမြန်မမြန်ကို သု​တေသီ​တွေ ​​လေ့လာ​နေ”

Delta Plus ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပြည်တွင်းမှာ ပထမဆုံးအကြိမ် စတင် တွေ့ရှိလာကြောင်း စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။ ထိုင်းမှာလည်း Delta Plus ကူးစက်မှုကို ဓာတ်ခွဲ အတည်ပြုထားပြီ ဖြစ်တာကြောင့် ကိုဗစ်ရောဂါကို ဖြစ်ပွားစေတဲ့ မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ်ဟာ အရှေ့တောင်အာရှ ဒေသကိုလည်း စတင် ခြေဆံ့ ကူးစက်လာပြီလို့ ဆိုနိုင်ပါတယ်။

Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ဟာ ကိုဗစ်ကပ်ရောဂါ အစပြုလာချိန် ကတည်းက ရောဂါကူးစက်နှုန်း အမြန်ဆုံး ဖြစ်ပွားစေတဲ့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်အဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ Deltaက မူလ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ထက် သေနှုန်း ပိုမြင့်စေတယ်လို့ အတည်ပြုဖို့ ခက်ပေမယ့် လူအချင်းချင်း ကူးစက်နှုန်းကတော့ ကြောက်ခမန်းလိလိ ပိုမြန်ဆန်လာစေခဲ့ပါတယ်။ ပြီးတော့ ဗီဇပြောင်း ဗိုင်းရပ်စ်ရဲ့ ဓာတုဇီဝ ဖွဲ့စည်းပုံ အရလည်း ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို အတိုင်းအတာ တစ်ခုထိ လှည့်စား ကျော်ဖြတ်ခဲ့ပြန်တယ်။

ဒါကြောင့်လည်း ကိုဗစ်ရောဂါကို အတော်ကြီး ထိန်းချုပ်ထားနိုင်ခဲ့တဲ့ နိုင်ငံတွေမှာတောင် Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ခေါင်းထောင်လာတဲ့အခါ ကူးစက်မှု လှိုင်းအသစ်တွေ ရိုက်ခတ်တာ ခံလာရပါတယ်။ အခုတော့ Deltaကနေ မျိုးဗီဇ ထပ်ပြောင်းလာတဲ့ Delta Plusက ကျန်းမာရေး သုတေသန ပညာရှင်တွေကို မျက်ခုံးလှုပ်လာစေပြန်ပြီ ဖြစ်ပါတယ်။

အဲဒီ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို AY. 4.2လို့ နာမည်ပေးထားပြီး Delta Plusလို့ အလွယ် ခေါ်ဝေါ်ကြပါတယ်။ ဒီမျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုတွေကို ဗြိတိန်မှာ ထင်ထင်ရှားရှား စတင် တွေ့မြင်လာတဲ့နောက် ပညာရှင်တွေက စက်တင်ဘာ လကုန်ပိုင်းကစပြီး Delta Plusရဲ့ အချက်အလက်တွေကို မျက်ခြေမပြတ် စောင့်ကြည့် လေ့လာခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အခုဆိုရင် အင်္ဂလန်မှာ ကိုဗစ်ရောဂါ ဖြစ်ပွားသူ လူနာအသစ်တွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဟာ Delta Plusကြောင့်လို့ ယူဆရတဲ့ထိ ဖြစ်လာပါတယ်။ ပြဿနာက Delta Plusနဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေ အနေနဲ့ ဘာကိုမှ တိတိကျကျ ရေရေရာရာ မပြောနိုင်သေးဘဲ သတိကြီးကြီး စောင့်ကြည့်နေရုံ အဆင့်မှာပဲ ရှိနေသေးတာပါ။ တချို့က Delta Plusဟာ Deltaထက်တောင် ကူးစက်နှုန်း ပိုမြန်လိမ့်မယ်လို့ ခန့်မှန်းကြပေမယ့် အတိအကျတော့ မပြောနိုင်ပါဘူး။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကောက်ယူ စုဆောင်းထားတဲ့ အချက်အလက်တွေအရ အခုအခါမှာ Delta Plus ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိနေတဲ့ နိုင်ငံပေါင်း ၄၂ ခုထက်မနည်း ရှိလာပြီလို့ သိရပါတယ်။ အဲဒီထဲက ၉၀ ရာခိုင်နှုန်းလောက်ဟာ ဗြိတိန်မှာပါ။ ဒါပေမဲ့ တခြား နိုင်ငံ တော်တော်များများဟာ Delta Plusနဲ့ ပတ်သက်ရင် ဗြိတိန်လောက် နိုးနိုးကြားကြား မစောင့်ကြည့်နိုင်သေးလို့လည်း ဖြစ်နိုင်ပါတယ်။

Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ကို စတင် အတည်ပြု တွေ့ရှိချိန်ကစလို့ ဗီဇပြောင်း မျိုးကွဲတွေ တော်တော်များများ ရှိခဲ့ပေမယ့် အများစုကတော့ သက်တမ်းကြာကြာ မခံဘဲ ပျက်ပြယ်သွားကြပါတယ်။ ဗိုင်းရပ်စ်မျိုးကွဲ တစ်ခု အားကောင်းနေရင် ကျန်တဲ့ မျိုးကွဲတွေက ပျက်စီးသွားလေ့ရှိပြီး ဒူပေနာပေ အခံနိုင်ဆုံး မျိုးကွဲက လွှမ်းမိုးသွားတတ်တဲ့ သဘော ရှိပါတယ်။ ဒီတော့ Delta Plusကလည်း အားကောင်းလာပြီး Deltaကို လွှမ်းမိုးသွားနိုင်မလား ဆိုတာကို ပညာရှင်တွေက စောင့်ကြည့်နေပါတယ်။ လောလောဆယ် အထိတော့ Delta Plusကြောင့် ကိုဗစ်ရောဂါ ကူးစက် ခံရသူ ဦးရေဟာ လူနာ စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းလောက်သာ ရှိနေပါသေးတယ်။

WHO က Delta Plus ကို စောင့်ကြည့်ရမယ့် မျိုးကွဲ တစ်ခုအဖြစ် အတည်ပြုထားပေမယ့် စိုးရိမ်ရမယ့် မျိုးကွဲ အဆင့်ထိတော့ မသတ်မှတ်သေးပါဘူး။ Deltaတုန်းက ကမ္ဘာပေါ်မှာ ရောဂါ ဖြစ်ပွားနိုင်စွမ်း အမြင့်ဆုံး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအဖြစ် လျင်လျင်မြန်မြန် နေရာယူသွားပေမယ့် Delta Plusကတော့ အဲဒီ သက်ရောက်မှုမျိုး လောလောဆယ်အထိ မတွေ့ရသေးပါဘူး။ ဒါပေမဲ့လည်း တချို့ ပညာရှင်တွေကတော့ Deltaထက်တောင် Delta Plus က ကူးစက်နှုန်း ၁၀ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်းကြားလောက်ထိ ပိုမြန်ဆန်လိမ့်မယ်လို့ ထင်ကြေး ပေးထားကြပါတယ်။

WHO ကတော့ ရောဂါဗေဒ ပညာရှင်တွေ၊ ဗိုင်းရပ်စ်ဆိုင်ရာ သုတေသီတွေ၊ ဓာတ်ခွဲ ပညာရှင်တွေ ပူးပေါင်းပြီး Delta Plus မျိုးကွဲသစ်ရဲ့ ကူးစက်နိုင်စွမ်းဟာ ပိုတိုးလာသလား၊ လျော့သွားသလား ဆိုတာကို အဖြေရှာဖို့ ကြိုးစားနေဆဲလို့ ပြောပါတယ်။ ကနဦး တွေ့ရှိချက်တွေ အရတော့ Delta Plusမှာ Deltaထက် အသေအပျောက် ပိုများစေတဲ့ ဖျက်ဆီးနိုင်စွမ်းမျိုး မတွေ့ရပါဘူး။ ဒါကြောင့် ရောဂါ အပြင်းအပျော့ ဖြစ်နိုင်ခြေထက် ကူးစက်နှုန်း ပိုမြန်မမြန် ဆိုတာကိုသာ ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ပညာရှင်တွေက အဓိကထား လေ့လာနေကြတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဗိုင်းရပ်စ်ရဲ့ ဖွဲ့စည်းပုံ ပြောင်းလဲမှုကြောင့် ကာကွယ်ဆေးတွေရဲ့ အာနိသင် ပိုမို လျော့ကျသွားနိုင်တဲ့ အခြေအနေကိုလည်း စိတ်ပူနေကြပါတယ်။

Public Service Announcement

တကယ်တော့ Deltaကနေ မျိုးဗီဇ ဆင့်ပွား ပြောင်းလဲလာတဲ့ အမျိုးအစားသစ် ၂၀ လောက်ကို WHOက အတည်ပြု တွေ့ရှိထားပြီးသားပါ။ အဲဒီထဲမှာ AY. 4.2က ရေရှည် တည်တံ့ပြီး Deltaရဲ့ အရိုက်အရာကို ဆက်ခံမယ့် အလားအလာ အများဆုံး မျိုးကွဲအဖြစ် စောင့်ကြည့် ခံနေရတာ ဖြစ်ပါတယ်။

အမေရိကန် ရောဂါ ထိန်းချုပ်ရေးဌာန (CDC)ကလည်း ပြည်တွင်းမှာ Delta Plus ကူးစက်မှုတွေ ရှိနေကြောင်း အတည်ပြုထားပေမယ့် အလွန်အကျွံ စိုးရိမ်ရမယ့် အခြေအနေတော့ မဟုတ်သေးဘူးလို့ ဆိုပါတယ်။ တကယ်တော့ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတိုင်းကိုက လူတွေအတွက် အန္တရာယ် ရှိနေပြီးသား ဖြစ်တာကြောင့် မျိုးကွဲ တစ်ခုခုကို ပိုပြီး ထိတ်လန့်နေဖို့ မလိုဘူးလို့ CDCက ဆိုပါတယ်။

လောလောဆယ်တော့ ပညာရှင်တွေက Delta Plusဟာ Deltaထက် ပိုဆိုးစရာ အကြောင်းမရှိနိုင်ဘူးလို့ အကောင်းဖက်က မျှော်လင့် ယူဆနေတုန်းပါ။ Delta Plusဟာ မူလ Delta မျိုးကွဲနဲ့ နှိုင်းယှဉ်ရင် သိသာတဲ့ ဖွဲ့စည်းပုံ ကွာဟမှု ၃ ခု ရှိနေပါတယ်။ အဲဒီထဲက ၂ ခုဟာ ဗိုင်းရပ်စ် မျက်နှာပြင်ပေါ်က ပရိုတိန်း အတက်အလက်တွေမှာ ဖြစ်ပါတယ်။ ဒီအတက်အလက်တွေက လူသားတွေရဲ့ ဆဲလ်နဲ့ ပေါင်းစည်းပြီး ရောဂါ ဖြစ်ပွားစေတာပါ။

Delta မျိုးကွဲပဲဖြစ်ဖြစ်၊ Delta Plusပဲဖြစ်ဖြစ် ကူးစက် မခံရအောင် ကာကွယ်ဖို့ကတော့ WHOက မူလ ညွှန်ကြားထားတဲ့အတိုင်း လူစုလူဝေး ရှောင်ရှားဖို့၊ နှာခေါင်းစည်းတွေ ဝတ်ဆင်ဖို့၊ လက်သေချာဆေးဖို့ အစရှိတဲ့ အခြေခံ ကျန်းမာရေး စည်းမျဉ်းတွေကို လိုက်နာဖို့သာ ရှိပါတယ်။ ပြီးတော့ ကာကွယ်ဆေး ထိုးနှံတာဟာ ကပ်ရောဂါဆိုးကို တားဆီးဖို့ အထိရောက်ဆုံး နည်းလမ်း ဖြစ်တယ်လို့လည်း WHOက ထောက်ခံထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေ ကွာခြားလို့ ကာကွယ်ဆေးတွေ ထိရောက်မှု ရာခိုင်နှုန်း အပြောင်းအလဲ ရှိကောင်း ရှိနိုင်တယ် ဆိုရင်တောင် လက်ရှိ WHO အသိအမှတ် ပြုထားတဲ့ ကာကွယ်ဆေးတွေကို အခွင့်အရေး ရတာနဲ့ ထိုးထားသင့်တယ်လို့လည်း ဆိုပါတယ်။

အာရှ တောင်ပိုင်းနဲ့ အရှေ့တောင်အာရှ ဒေသတွေမှာတော့ ပြီးခဲ့တဲ့ အပတ်က ရောဂါ ဖြစ်ပွားနှုန်း ၈ ရာခိုင်နှုန်း ကျသွားပေမယ့် အသေအပျောက် ပမာဏက ၁၃ ရာခိုင်နှုန်း တိုးလာတယ်လို့ WHOက ဆိုပါတယ်။ ဒါဟာ Delta Plus ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်နဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ ဘာအထောက်အထားမှတော့ မတွေ့ရပါဘူး။ WHOရဲ့ အဆိုအရ အခုဆိုရင် ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၄၇ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးထားပြီးပြီလို့ သိရပါတယ်။ ကာကွယ်ဆေး ထိုးနှံမှုတွေ ပိုများလာပြီး ရောဂါ ကူးစက်မှု ကွင်းဆက်တွေကို ဖြတ်တောက်နိုင်မယ် ဆိုရင်တော့ Deltaဖြစ်ဖြစ်၊ Delta Plusဖြစ်ဖြစ် ကိုရိုနာ ဗိုင်းရပ်စ်တိုင်းရဲ့ ခြိမ်းခြောက်မှုကို သိသိသာသာ လျှော့ချလာနိုင်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။

သတင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်လာသည်ဟု ဆိုသည်။

နိုင်ငံတကာ

အစိုးရတွေ အနေနဲ့ အရင်လို တင်းကျပ်တဲ့ Lockdown အစီအမံတွေ ပြန်မသုံးနိုင်သေးဘူး ဆိုရင်တောင် ဆေးစစ်နိုင်စွမ်းနဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေ အရှိန်မြှင့်နိုင်အောင် ကြိုးစားပေးဖို့တော့ ဒေါက်တာ ဂျီဘရီယီးဆက်စ်က တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် လက်အောက်ခံ မြို့ပြနိုင်ငံ မကာအိုဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး လောင်းကစား မြို့တော်ကြီး တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ မကာအိုရဲ့ စီးပွားရေး ကဏ္ဍ ရာခိုင်နှုန်း အများစုဟာ တရားဝင် ဖွင့်လှစ်ထားတဲ့ ကာစီနို လောင်းကစား လုပ်ငန်းတွေအပေါ် မှီခိုထားရပါတယ်။